ရေး-၂၀၂၅ ဖေဖေါ်ဝါရီ (၆)
မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းရှိ အချုပ်သားများက ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်လုယူပြီး ပစ်ခတ်ထွက်ပြေးမှုဖြစ်စဉ်အတွင်း လက်နက်ချအဖမ်းခံသည့် အချုပ်သား ၈ ယောက်ကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ရေးမြို့မ ရဲစခန်းရှိအချုပ်သားများကို ထမင်းပို့စဉ် အချုပ်သားအချို့ ရဲထံမှ သေနတ်လုယူပြီး ပစ်ခတ်ထွက်ပြေးကြောင်း၊ အချုပ်ခန်းပေါက်သဖြင့် အချုပ်သား ၃၀ ခန့် ထွက်ပြေးရာ ရေးရဲစခန်းအတွင်းနှင့် ရေးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် မွန်းလွဲ ၁၂ နာရီခွဲအထိ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အချုပ်သားမည်မျှ ထွက်ပြေးလွတ်မြောက်သွားသည်ကို မသိရသော်လည်း ကျည်ဆံကုန်သဖြင့် လက်နက်ချအဖမ်းခံခဲ့သူအထဲမှ အချုပ်သား ၈ ဦး ပစ်သတ်ခံခဲ့ရကြောင်း ခိုင်လုံသော သတင်းပေးပို့သူများမှ သိရသည်။
“သေဆုံးသူအချို့မှာ ဦးခေါင်းတွေပွင့်ထွက်နေတယ်၊ ဒါက မြင်ရသလောက်ပေါ့၊ အပြန်အလှန်ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးတာမရှိဘဲ အဲ့နေ့ပဲ ထွက်ပြေးတဲ့အချုပ်သားအချို့ကို ဖျောင်းဖြပြီး ညှိနှိုင်းပြီတော့ အဖမ်းခံကြတယ်၊ အဖမ်းခံရသူတွေအကုန် တပ်ထဲခေါ်ပြီးပစ်သတ်လိုက်တယ်လို့ အတွင်းသတင်း အတိအကျရခဲ့ပါတယ်၊ အချို့က အချုပ်ပေါက်သွားပြီး ပြေးကြဆိုလို့ ထွက်ပြေးကြသူတွေလဲရှိတယ် သေဆုံးမိသားစုဝင်တွေကိုတော့ သူတို့အကြောင်းကြားလိုက်ပြီးပြီ ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အချုပ်သား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် ရေးမြို့မရဲစခန်း၌ အခင်းစတင်ဖြစ်ပွားစဥ်အတွင်း ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ ၃ ဦး သေဆုံးသွားသည့်အပြင် စခန်မှူး ဒုရဲမှူး မြင့်ဦးမှာလည်း ယာဘက်ရင်အုံတွင် သေနတ်ထိမှန်၍ စိုးရိမ်ဒဏ်ရာရရှိသွားကြောင်း၊ အချုပ်ခန်းအတွင်းရှိ ဒဏ်ရာရအချုပ်သားအချို့ကိုမူ ရေးမြို့ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသမှု ပေးထားကြောင်း သိရသည်။
အချုပ်မှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက “ရဲစခန်းမှာ တသက်တကျွန်းကျနိုင်တဲ့ နိုင်ငံရေးအမှုနဲ့ တရားစွဲခံထားရတာလည်းရှိတယ်၊ ဒီလိုဘဲ ထောင်ထဲမှာ တစ်သက်လုံးနေသွားရမှာကို မခံစားနိုင်ကြဘူးလေ၊ ဘယ်လိုပြောရမလဲ သေမထူးနေမထူးဆိုပြီး လွတ်မြောက်နိုင်တဲ့နည်းလမ်းကို အကြံထုတ်ကြတယ်၊ အဲဒီနေ့မှာ သေနတ်ရတဲ့လူက ပစ်ခတ်ပြီးတော့ ထွက်ပြေးကြတာပါ၊ အချုပ်ခန်းပေါက်ပြီဆိုတော့ လူ ၃၀ ကျော် ပြေးကြပါတယ် နောက်တော့ လူတွေတစ်ယောက်စီကွဲသွားကြတယ်၊ အဖမ်းခံရသူလည်း ရှိတယ် ဘယ်နှစ်ယောက် လွတ်သွားမှန်းတော့ မသိပါဘူး”ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း နိုင်ငံရေးအမှုနှင့် တရားစွဲခံထားရသူ အချုပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ရေးဘီလူးထံသို့ ရောက်ရှိသွားခဲ့ကြောင်း ၄င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသည်။
သို့ရာတွင် ရေးမြို့မရဲစခန်းမှ အချုပ်သားများထွက်ပြေးလွတ်မြောက်သွားကိစ္စကို စစ်ကောင်စီဘက်က တစုံတရာသတင်း ထုတ်ပြန်ရေးသားခြင်းမရှိသေးပေ။