ဘုရားသုံးဆူ- ၂၀၂၅ ဖေ (၅)
လက်ရှိ ကျားဖြန့်ငွေလိမ် Call Center လုပ်ငန်းများဖြင့် နာမည်ထွက်နေသော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အား ထိုင်းအာဏာပိုင်က ယနေ့နံနက် ၉ နာရီအချိန်တွင် လျှပ်စစ်မီးဖြတ်တောက်လိုက်ကြောင်း တွေ့ရသည်။
စံခလပူရီမြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လုံခြုံရေးအရာရှိများ၊ နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများ ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော်ဂိတ်အနီးရှိ မီးခလုတ်ထားရှိရာနေရာသို့ လာရောက်ကြပြီး နံနက် (၉) နာရီအချိန်တွင် မီးခလုတ်ပိတ်လိုက်ခြင်း ဖြစ်သည်။
မြန်မာနယ်စပ်က ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းများ အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများကို အသုံးပြုခွင့်ပေးထားခြင်းကြောင့်ဖြစ်သည်ဟု မြန်မာစစ်ကောင်စီက ထိုင်းကိုဝေဖန်ခဲ့သောကြောင့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ NSC က စတင်စိစစ်ပြီး မြန်မာနယ်စပ်သို့ ပေးပို့နေသော လျှပ်စစ်မီးဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက သတင်းထောက်များအား ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနယ်စပ် တာချိလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူဒေသများတွင် မြန်မာကုမ္ပဏီ ၅ ခုအား ထိုင်းနိုင်ငံက ရောင်းချပေးနေသော လျှပ်စစ်ဓာတ်အားများကို ဖြတ်တောက်ရန်၊ အစိုးရအမိန့်အား ထပ်မံစောင့်ဆိုင်းရန်မလိုဘဲ လုံးဝဖြတ်တောက်ပစ်ရန်နှင့် အထက်ပါဆုံးဖြတ်ချက်ကို မလိုက်နာပါက “ကျားဖြန့်လုပ်ငန်း အားပေးကူညီမှုဖြင့် အရေးယူသွားရန်” ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ NSC က တိုက်ရိုက် ညွှန်ကြားထားကြောင်း သိရသည်။
လျှပ်စစ်ဓါတ်အားနှင့်အတူ မြန်မာနိုင်ငံဘက်သို့ အကောက်ခွန်လွတ်စနစ်ဖြင့် နယ်စပ်ဖြတ်ကျော်ရောင်းချပေးနေသော ဓါတ်ဆီနှင့် ဒီဇယ်ဆီများကိုလည်း ပိတ်လိုက်ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်အခြေစိုက်ရာ ဘုရားသုံးဆူဒေသကို ၁၉၉၀ ခုနှစ်က မြန်မာစစ်တပ်ဝင်ရောက်သိမ်းပိုက်၍ မြို့အဖြစ်တည်ဆောက်ခဲ့ပြီး နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၁၉၉၆ ခုနှစ်တွင် ထိုင်းတို့က လျှပ်စစ်ဓါတ်အား သွယ်တန်းရောင်းချပေးခဲ့ကြောင်း သိရသည်။
Photo- ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี