ဘီးလင်း-၂၀၂၅ ဖေဖေါ်ဝါရီ (၃)
ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ဗျူဟာစခန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်အင်အား (၁၀၀) ခန့်ရှိသည့် မဲပလီဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီလပထမအပတ်မှစတင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တဲ့အပြင်၊ လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်ခန့်မှာတော့ ဗျူဟာစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို မဲပလီဗျူဟာစခန်းမှ ၁၅၅ မမ ဟောင်ဝစ်ဇာ အပါအဝင် လက်နက်ကြီးများ၊ လက်နက်ခဲယမ်းပစ္စည်းများအပြင်၊ စစ်ကောင်စီတပ်သား (၄၀) ဦးခန့်အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း နှင့် စခန်းမှထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်နေ့ကလည်း ဘီးလင်း – နတ်ကြီး – ဖာပွန်လမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ လှဂွန်းပျိုစခန်းမှ ဗိုလ်မှူးအဆင့် အပါအဝင် (၁၆) ဦးမှာ ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် (KNLA) ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့သည့်အတွက်ကြောင့် ယင်းစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။
ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မဲပလီကျေးရွာအပါအဝင် အစူးချောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၃၀၀၀) ဝန်းကျင်ခန့်မှာ စစ်ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။
Photo Credit – ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် (KNLA) တပ်မဟာ – ၁