ရားသုံးဆူ- ၂၀၂၅ ဖေ (၅)
ယနေ့မှစ၍ ထိုင်းမှလောင်စာဆီများ မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်မပြုသဖြင့် ဘုရားသုံးဆူမြို့တွင် ဓါတ်ဆီနှင့် ဒီဇယ်ဆီ တစ်လီတာလျင် ဘတ် ၃၅ မှ ဘတ် ၆၀ အထက် စျေးခုန်တက်သွားကြောင်း သိရသည်။
ကန်ချနပူရီ လတ်ယားအခြေစိုက် စူရစီဗျူဟာလက်အောက်ခံ ထိုင်းအထူးတပ်ဖွဲ့ဝင်များက ထိုင်းနယ်မြေ ရှမ်းကုန်းခေါ် ဘုရားသုံးဆူရွာ (အမှတ် ၉ ကျေးရွာ) နှင့် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့သို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည့် ကားလမ်းနှင့် ခြံစည်းရုံးဝင်ထွက်ပေါက်များတဆင့် စက်သုံးဆီများမှောင်ခိုကူးမှုမဖြစ်ပေါ်စေရေး အထူးကြပ်မတ်ကာ စစ်ဆေးနေသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဘုရားသုံးဆူ ထိုင်းဘက်အခြမ်း မြန်မာဘက်အခြမ်း သွားလာတာ ဘာပြဿနာမှ မရှိပါဘူး၊ အထူးသဖြင့် သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်၊ ကားတွေမှာ ဓါတ်ဆီဒီဇယ်ဆီတွေ လုံးဝယူမသွားဖို့ပါ၊ အောက်မှာက တစ်လီတာ ၆၀ ကျော်နေပြီ” ဟု ပြောသည်။
စက်သုံးဆီများကို မြန်မာနယ်မြေသို့ လုံးဝသယ်ယူနိုင်ခြင်းမပြုရန် ထိုင်းစစ်တပ်က တားမြစ်ထားသော်လည်း ကုန်ပစ္စည်းများမှာ ပုံမှန်အတိုင်း အပြန်အလှန်စီးဆင်းနေကြောင်း တွေ့ရသည်။
မြန်မာနယ်စပ်ရှိ ကျားဖြန့် Call Center ငွေလိမ်ဂိုဏ်းများ တဖြည်းဖြည်းကြီးထွားလာနေပြီး ထိုင်းခရီးသွားလုပ်ငန်းအပေါ် အကြီးအကျယ်ရိုက်ခတ်လာသောကြောင့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ NSC က မြန်မာသို့ ပေးပို့နေသော လျှပ်စစ်ဓါတ်အား၊ အင်တာနက်နှင့် လောင်စာဆီများကို ယနေ့မှစတင်ဖြတ်တောက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အထက်ပါအမိန့်အရ ဘုရားသုံးဆူ၊ မြဝတီနှင့် တာချိလိတ်မြို့များသို့ ပေးပို့နေသော လျှပ်စစ်မီးများအပြင် စက်သုံးဆီများကိုလည်း ထိုင်းအာဏာပိုင်များက ယနေ့ နံနက် (၉) နာရီအချိန်တွင် စတင်ဖြတ်တောက်လိုက်ကြောင်း သိရသည်။