မဲဆောက်- ၂၀၂၅ ဖေဖော်ဝါရီ (၆)
ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က မြဝတီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၌ လူကုန်ကူးခံထားရသူ ၆၀ ကျော်ကို ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) မွန်းလွဲပိုင်းတွင် ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်ကြောင်း ထိုင်းသတင်းများးက ရေးသားဖော်ပြသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က အမှတ်၂ တံတားမှတဆင့် အဆိုပါ နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့က လက်ခံပေးခဲ့ပြီး ၎င်းတို့နိုင်ငံအသီးသီးသို့ ပြန်ပို့ရန် တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းဌာန The Reporters တွင် ဖော်ပြသည်။
တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံမှ ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ မလေးရှားမှ ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး ပါဝင်ပြီး ၎င်းတို့ တရားမဝင်ခေါ်ဆောင်ခံရမှုဖြစ်စဉ်အသေးစိတ်ကို ထိုင်းအာဏာပိုင်များက စုံစမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
အလားတူ လူကုန်ကူးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများကို နိုင်ငံတာကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)က ယမန်နေ့ ဖေဖော်ဝါရီ (၅)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
ထို့အပြင် ဒေသခံပြည်သူလူထုစားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အကောင်အတည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူ များကို မြန်မာသံရုံးနှင့် နိုင်ငံတကာသံရုံးများက တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တားဆီးနှိမ်နှင်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၃၁)ရက်ကလည်း မြဝတီမြို့နှင့်အနီးတဝိုက်တွင် ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်နှင့် အာဝါဒေးများအားလုံး ပိတ်သိမ်းရန် DKBA ညွှန်ကြားချက်ထုတ်ပြန်ခဲ့သေးသည်။
ယမန်နေ့က ဘုရားသုံးဆူ၊ မြဝတီနှင့် တာချိလိတ်မြို့များကို ထိုင်းအစိုးရက လျှပ်စစ်မီး၊ အင်တာနက်၊ ရေနှင့် စက်သုံးဆီများ မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သည်။