မော်လမြိုင်- ၂၀၂၅ ဇန်နဝါရီ (၃၁)
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးသည့်နောက် မြောက်ပိုင်း(၃)ဖွဲ့အနက် ကျန်ရှိနေသည့် TNLA, AA တို့အား မြန်မာ့စစ်ကောင်စီနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် တရုတ်နိုင်ငံက စီစဥ်နေကြောင်း တိုင်းရင်းသားသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
ယခုဖေဖော်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးသွားပြီးနောက် ရက်အပိုင်းအခြား တစ်ခုသတ်မှတ်၍ AA နှင့် ဆက်လက်ဆွေးနွေးသွားရန် တရုတ်ဘက်က စီစဥ်နေကြောင်း သိရသည်။
ယမန်နှစ်က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် MNDAA, TNLA, AA အဖွဲ့များအကြား ဟိုင်ဂင်ဆွေးနွေးပွဲ (၆) ကြိမ်အထိ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
မြောက်ပိုင်း(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့တပ်ရင်းများစွာ လက်နက်ချလိုက်ရသလို ၁၀၂၇ ဒုတိယလှိုင်းတွင်လည်း လားရှိုးအခြေစိုက် ရမခတိုင်းစစ်ဌာနချုပ်နှင့် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် နပခတိုင်းစစ်ဌာနချုပ်အပါအဝင် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကိုလည်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
သို့ရာတွင် MNDAA နှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သည့်ဒီဇင်ဘာလလယ်နှင့် ယခု ဇန်နဝါရီလလယ်ပိုင်းတို့တွင် သီးသန့်နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရုတ်အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။
See insights and ads
All reactions:
99