မော်လမြိုင်၊ ၂၀၂၅ ဇန်နဝါရီ(၃၀)
စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ရေရှည်ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဖြစ်သဖြင့် စည်းကမ်းတကျဆောင်ရွက်နိုင်ရန်နှင့် အတင်းအဓမ္မဖိအားပေး စုဆောင်းခြင်းမျိုးမဖြစ်ပေါ်စေရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုဥက္ကဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဗဟိုအဆင့်အစည်းအဝေးတွင် ပြောကြားထားသော်လည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဖိအားပေးခေါ်ဆောင်နေကြောင်း သိရသည်။
စစ်မှုထမ်းအမှတ်စဉ်(၉)အထိ ရောက်ရှီလာပြီဖြစ်သော်လည်း သက်ဆိုင်ရာမြို့နယ်များအနေဖြင့် လူငှားစနစ် ဖြင့်သာဖြေရှင်းနေရပြီး နောက်ပိုင်းတွင် လူငှားခေါ်ယူရန်ခက်ခဲလာခြင်း၊ ဈေးနှုန်းကြီးမြင့်လာခြင်းတို့ကြောင့် အောက်ခြေရပ်ကွက်နှင့်ကျေးရွာများက စစ်မှုထမ်းမပေးနိုင်ကြသဖြင့် တပ်သားသစ်များရရှိရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက အတင်းအကြပ်ဖိအားပေးလာကြောင်း ရပ်ကျေးတာဝန်ရှိသူများက ပြောကြားသည်။
မြို့မိမြို့ဖတစ်ဦးက “ဗဟိုက ဘယ်လိုပဲပြောပြောနေ အောက်ခြေကတော့ စာရင်းအရလူပြည့်နေဖို့ပဲ၊ ဒါမှသူတို့ကို အပေါ်ကမထောင်းမှာ၊ ခုရတဲ့နည်းနဲ့ခေါ်ဖို့ မဲနှိုက်ဖို့နဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဖို့တော့ ရှိနေတယ်ကြားတယ်၊ ပြည်သူတွေကလည်း တပ်ကိုမယုံကြည်တော့ ကိုယ့်ရင်သွေးကို သေတွင်းထဲမပို့နိင်ကြဘူးလေ၊ စစ်မှုထမ်းအပြင် ပြည်သူ့လုံခြုံရေးကိုလည်း လစဉ်ခေါ်ပေးနေရတော့ တဖြည်းဖြည်းခက်ခဲလာနေပြီ၊ ကျွန်တော်တို့အနေနဲ့ကလည်း ပြည်သူတွေရဲ့အနေအထားသိတော့ သူတို့ဒုက္ခဖြစ််မှာ မလိုလားဘူး” ဟု ပြောကြားသည်။
ပထမအဆင့်အနေဖြင့် စည်းကမ်းဖောက်ဖျက်သည့်လူငယ်လူရွယ်များအား ထိန်းသိမ်းပြီး လူသစ်စုဆောင်းရန်၊ ဒုတိယအဆင့် ရပ်ကျေးငွေကြေးပံ့ပိုးပေးပြီး လုပ်နိုင်ခြေရှိသည့်လူငယ်များနှင့် ဆိုးသွမ်းလူငယ်များအား စည်းရုံးမရပါက စာရင်းသွင်းအတင်းအကြပ်ခေါ်ဆောင်ရန်နည်းလမ်ပေးထားသော်လည်း အောက်ခြေလက်နက်ကိုင်စစ်တပ်နှင့်ရဲများက ငွေကြေးနှင့်ပြန်ရွေးစေကာ ပြန်လည်စေလွှတ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
ဇန်နဝါရီ ၂၆ ရက်နေ့ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကျပ်သိန်း ၁၃၀ တောင်းယူခွဲဝေယူခဲ့ကြသည့် ရွှေဘိုမြို့နယ်မှ မြိုနယ်ရဲမှူးအပါအဝင် ဝန်ထမ်း ၄ ဦးကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ထားကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက “တပ်မတော်က အားကိုးလောက်တဲ့၊ ယုံကြည်လောက်တဲ့ စွမ်းဆောင်ရည်မပြနိုင်ဘူး၊ အောက်ခြေမှာငတ်နေပြီး အပေါ်မှစည်းစိမ်တွေနဲ့ဆိုကာ အောက်ခြေတပ်သားအရာခံတွေ၊ သူတို့သားသမီးတွေကစ သိတယ်၊ သူတို့သားသမီးတွေကိုတောင် တပ်ထဲ မပေးဝင်ခိုင်းဘူး၊ သာမန်လူဆို ဝေးရော၊ တိုက်တိုင်းရှုံနေပြီး အချိန်တိုအတွင်း သင်တန်းပြီးလာသူတွေကို ရှေ့တန်းပို့တာကြားနေရတော့ ဘယ်မိဘက ဒီလိုလွှတ်ဖို့ စိတ်ချမ်းသာမလဲ၊ ဒါတွေမပြင်နိုင်ဘဲနဲ့ ဒါကို သူတို့က အချင်းချင်းပြန်သတ်ခိုင်းသလို ဇွတ်လုပ်နေတော့ လူတွေက တပ်မတော်အပေါ် ပိုမုန်းတီးလာတာပဲ အဖတ်တင်မယ် ” ဟု မှတ်ချက်ပြုသည်။
စစ်ကောင်စီက ပြဌာန်းထားသည့် စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားနှင့် ၁၈ နှစ်က ၂၇ နှစ်အတွင်း အမျိုးသမီးများအပြင် ပညာရှင်အဖြစ် သတ်မှတ်ခံရသည့် အမျိုးသား အသက် ၁၈ နှစ်မှ ၄၅ နှစ်၊ အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရန် ပြဌာန်းထားသည်။
See insights and ads
All reactions:
1313