ရနောင်း- ၂၀၂၅ ဇန် (၂၉)
ထိုင်းနိုင်ငံ ရနောင်းခရိုင် ရာဘာခြံတစ်ခုတွင် နေထိုင်သော မြန်မာမိန်းကလေးငယ်တစ်ဦးကို ခြံပိုင်ရှင်သားနှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပေါ်ခဲ့ကြောင်း IBEC.SWO လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ရနောင်းခရိုင်၊ လအူမြို့၊ ဘန်ကဲကျေးရွာ၊ ခွန်ထလူ့ရပ်ကွက်၌ နေထိုင်ပြီး ရာဘာခြံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာရွေ့ပြောင်းလုပ်သား မိန်းကလေးငယ်တစ်ဦးကို မိဘများဆေးခန်းသွားနေချိန် ၎င်းခြံပိုင်ရှင်၏ သားနှစ်ဦးမှ အဓမ္မပြုကျင့်ခဲ့သည့်အမှု ဖြစ်ပေါ်ခဲ့သည်။
ရနောင်းမြို့မှ ကီလိုသုံးဆယ်ခန့်အကွာ ဘန်ကဲကျေးရွာရှိ ရော်ဘာခြံသို့ ခြံပိုင်ရှင်၏သားနှစ်ဦးက အဆိုပါမြန်မာမိန်းကလေးကို ဝေးလံသော နေရာတစ်ခုသို့ ခေါ်ဆောင်သွား၍ တစ်ပတ်နီးပါးကြာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ သမီးဖြစ်ကို ကယ်ခေါ်ထုတ်ပေးရန် မိဘများက IBEC.SWO လူမှုကူညီရေးအသင်းထံ လာရောက်အကူအညီ တောင်းခံခဲ့ရာမှ နယ်မြေခံ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ခေါ်ဆောင်သွားသူနှစ်ဦးကို ဆက်သွယ်ကာ မိန်းကလေးငယ်ကို မိဘများထံသို့ ပြန်လာအပ်ရန် ပြောဆိုခဲ့ပြီး တစ်ပတ်အကြာ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း IBEC.SWO လူမှုကူညီရေးအသင်းမှ သည်။
ရဲတပ်ဖွဲ့က ခြံပိုင်ရှင်၏ သားနှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားပြီး အာမခံပေးခြင်းမရှိကြောင်း၊ ကျူးလွန်သူများဘက်က ငွေကြေးပေး၍ ပြေလည်ပေးရန် လာရောက်ညှိနှိုင်းသော်လည်း အမှုမှန် ပေါ်ပေါက်ရေးအတွက် မိဘများက ဆက်လက် တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် IBEC.SWO လူမှုကူညီရေးအသင်း၏ ရှေ့နေများနှင့်အတူ ခေါ်ဆောင်သွားသူနှစ်ဦးကို သက်သေအထောက်အထားများဖြင့် တရားစွဲထားကြောင်း သိရသည်။
Photo-IBEC.SWO