ရေး- ၂၀၂၅ ဇန် (၂၇)
ရေးမြို့နယ်မြောက်ပိုင်း အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းဦး ဒဏ်ရာပြန်လည်ကောင်းမွန်လာပြီးနောက် ရေးဘီလူးလှုပ်ရှားလေ့ရှိသည့်နယ်မြေအတွင်း စစ်ဆင်ရေး ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ရေးဘီးလူအဖွဲ့ လာရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ဦးလင်းဦးမှာ ရေးခရိုင်ဆေးရုံကြီးနှင့် စကခ (၁၉) ဌာနချုပ်အတွင်း ဆေးဝါးကုသခံယူပြီးနောက် ယခုအခါ ပြန်လည်ကောင်းမွန်လာပြီးဖြစ်ရာ အာယုတောင်အနီးတဝိုက်ရှိ ခမရ (၃၄၃) (၅၈၆) ( ၅၈၇) တပ်ရင်းမှ နောက်ချန်အင်အားအချို့နှင့် ပြည်သူ့စစ်အင်အားများ စုဆောင်းကာ ရေး-မော့ကနင်ကားလမ်းတလျှောက် စုံနံ့သာကျေးရွာဝန်းကျင်တဝိုက်၌ စစ်ဆင်ရေးပြုလုပ်နေကြောင်း သိရသည်။
ရွာသားတစ်ဦးက “ဦးလင်းဦး သေသွားပြီလို့ လူတွေထင်နေကြတယ်၊ သေလောက်တဲ့ ဒဏ်ရာတော့မဟုတ်ပါဘူး၊ ခုဆိုရင် ကျန်းမာရေး ပုံမှန်ပြန်ကောင်းလာပြီဆိုတော့ စစ်ဆင်ရေးတွေလုပ်နေပါပြီ၊ ရေးဘီးလူးအဖွဲ့ လာနိုင်တဲ့ စုံနံ့သာကျေးရွာ ဝန်းကျင်ရွာတွေက လမ်းတွေကိုလည်း ကျောက်တုံးတွေနဲ့ ပိတ်ထားလိုက်တယ်၊ နောက်ပြီး ကင်းပုန်းဝပ်တယ် စစ်ကြောင်းလည်းထိုးတယ်” ဟု ပြောသည်။
ထို့ပြင် အာယုတောင်နှင့် ကျောင်းရွာအကြားရှိ စုံပဒေါက်၊ တောင်စွန်းနှင်း အပလိုင်းရွာများသို့ ဆက်သွယ်သွားရောက်နိုင်သည့် ရာဘာခြံလမ်း၊ မော်တော်ဆိုင်ကယ်လမ်းနှင့် ကားလမ်းတို့ကိုလည်း ရာဘာပင်များခုတ်လှဲကာ အတားအဆီးများ ပြုလုပ်ထားသဖြင့် ခြံသမားအများအပြား သွားလာရေးအခက်အခဲ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
ကျေးရွာဆယ်အိမ်ခေါင်းအဖွဲ့ဝင်တစ်ဦးက “ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်တပ်က ပြောထားတယ် ခင်ဗျားတို့ရွာ ခင်ဗျားတို့မြို့ကို pdf တွေဝင်လာရင် လက်နက်ကြီးနဲ့ တပ်ကပစ်ထည့်မှာတဲ့၊ ခုလည်း ဘယ်ရွာဖြစ်ဖြစ် PDF တွေ လာတာသိရင် လက်နက်ကြီးနဲ့လှမ်းပစ်နေပြီလေ၊ ရွာတွေမှာ ငွေကြေးတတ်နိုင်သူတွေတချို့ကတော့ ရန်ကုန်ဘက် မော်လမြိုင်ဘက်ကို ပြေးရှောင်သွားကြပြီ” ဟု ဆိုသည်။
ထို့ပြင် အာယုတောင်ရွာနှင့် စုံနံ့သာရွာကြားရှိ ခံသင်းတံတားဂိတ်ကိုလည်း ဦးလင်းဦး ပြည်သူ့စစ်အဖွဲ့ နေရာယူထားပြီး မော်လမြိုင်-ရေး အမှတ် (၈) ပြည်ထောင်စု လမ်းမပေါ်မှ ဖြတ်သန်းသွားလာသည့် မော်တော်ကားများကိုလည်း ငွေကောက်ခံနေကြောင်း တွေ့ရသည်။
See insights and ads
All reactions:
175175