ပေါင်- ၂၀၂၅ ဇန်နဝါရီ (၂၇)
ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၂၆) ရက်နေ့ ည (၆) နာရီအချိန်ခန့်က ကိုနိုင်လင်း (ခ) ချက်ရွန်း ဆိုသူမှာ ၎င်းနေထိုင်ရာ ရင်းငြိမ်မြောက်ကျေးရွာမှ မြလေးချောင်ကျေးရွာဘက်သို့ ဆိုင်ကယ်နှင့်သွားရောက်နေစဉ် ဆိုင်ကယ်တစ်စီးနှင့် သေနတ်သမား (၂) ဦးလိုက်လာပြီး ပစ္စတိုသေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ပြီးနောက် မြလေးချောင်ကျေးရွာဘက်သို့မောင်းနှင်ထွက်ပြေးသွားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ကိုနိုင်လင်း (ခ) ချက်ရွန်း ရဲ့ ခါးမှာ ကျည်ရှပ်မှန်ဒဏ်ရာရရှိခဲ့ပါတယ်။ အခု ရင်းငြိမ်တိုက်နယ်ဆေးရုံမှ ဆေးကုသမှုခံယူနေရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ကိုနိုင်လင်း (ခ) ချက်ရွန်း မှာ တမီလ်လူမျိုးတစ်ဦးဖြစ်ကြောင်း နှင့် ၎င်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတဖြင့် ပစ်ခတ်သွားသည်ကို မသိရသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်က မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် (၆၃) ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယခုနှစ် ဇန်နဝါရီလအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် အမျိုးသား (၂) ဦးသေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
See insights and ads
All reactions:
33