သထုံအခြေစိုက် အမတ – ၄၀၂ အမြောက်တပ်မှ စစ်ကောင်စီတပ်သား (၃) ဦး KNU ထံ လက်နက်အပ်နှံ အလင်းဝင်ရောက်ခဲ့ကြောင်း KNU သထုံမြို့နယ်ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၂၅) ရက်နေ့က အဆိုပါ စစ်ကောင်စီတပ်သား (၃) ဦးနှင့်အတူ ပါရှိလာသော သေနတ် (၃) လက်၊ ကျည်ဆံများနှင့် လက်ပစ်ဗုံးများကို KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ လက်နက်အပ်နှံခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လက်နက်အပ်နှံခဲ့သည့် စစ်ကောင်စီတပ်သား (၃) ဦးအား တစ်ဦးလျှင် ကျပ် (၁၀) သိန်းစီချီးမြှင့်ပေးခဲ့ကြောင်း KNU သထုံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ လက်နက်အပ်နှံလာခဲ့သူများမှာ အစကတည်းက စစ်ကောင်စီ၏ စစ်သားမလုပ်ချင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ စစ်သင်တန်းတက်ရောက်ခဲ့သည်မှာ တစ်နှစ်ခန့်သာ ရှိခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့အား ရှေ့တန်းစခန်းသို့ ပို့ဆောင်ခဲ့သည့်မှာ (၃) လခန့်ကြာနေပြီးဖြစ်ကြောင်း၊ အခြေအနေပေးပါက တော်လှန်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်းရန် အချိန်အခါသင့်ချိန်ကိုစောင့်၍ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
Photo Credit – ကေအဲန်ယူ – ဒူးသထူခရိုင်