မော်လမြိုင်- ၂၀၂၅ ဇန်နဝါရီ (၂၅)
ယမန်နှစ် (၂၀၂၄) က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားသုံးထောင်ကျော် သေဆုံးပြီး နှစ်ထောင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) မှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်း ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ အရာရှိ၊ အရာခံများအပါအဝင် (၃၁၃၆) ဦး ထက်မနည်း သေဆုံးခဲ့ရပြီး (၂၂၂၅) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့အပြင်၊ ရာနှင့်ချီသော ဗျူဟာမှူးအဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ယင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သော ရဲဘော် (၁၀၀) ဦးခန့်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး (၃၂၅) ဦးခန့်မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) က ထုတ်ပြန်သည်။
သို့ရာတွင် အဆိုပါ KNU ထုတ်ပြန်လိုက်သည့် တိခိုက်သေဆုံးမှုစာရင်းအပေါ် စစ်ကောင်စီဘက်က တစုံတရာ မှတ်ချက်ပြု ထုတ်ပြန်ထားခြင်း မတွေ့ရပေ။
See insights and ads
Like
Comment
Send
Share