မော်လမြိုင်- ၂၀၂၅ ဇန်(၂၄)
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းလိုက်သဖြင့် စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များကို စစ်တပ်က ဆင့်ခေါ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့က စစ်ကောင်စီအတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်နိုင်ပြီ ဖြစ်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှ စစ်မှုထမ်းရန်အသက်ပြည့်သူများကို စာရင်းကောက်မည်ဖြစ်ပြီး ထိုသူတို့ကို မြို့နယ်အဆင့်တွင်စုစည်းပြီး ဆေးစစ်မည်ဖြစ်သလို ကျန်းမာပြီးဆေးအဆင့်မီသူများကို စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်သွင်းမည်ဟု အဆိုပါနည်းဥပဒေတွင် ဖော်ပြထားသည်။
ဆေးအောင်သူများသည် စစ်မှုထမ်းရန်အတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး စစ်သင်တန်းတက်သည်ဖြစ်စေ၊ စစ်သင်တန်းမတက်ရောက်သေးဘဲ အရပ်သားအဖြစ် နေထိုင်သည်ဖြစ်စေ နိုင်ငံရပ်ခြားသို့ သွားလာခွင့်မရှိကြောင်း စစ်ကောင်စီက ကန့်သတ်လိုက်သည်။
ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိကြောင်း၊ အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း စစ်ကောင်စီက ဆိုသည်။
အဆိုပါနည်းဥပဒေများတွင် အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉) ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၁၂)ခုဖြင့်ဖော်ပြထားပြီး အခန်း(၁)တွင် အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ အဆင့်ဆင့်ဖွဲစည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ အခန်း(၄)တွင် စာရင်းပြုစုခြင်းနှင့်မှတ်ပုံတင်ခြင်း၊ အခန်း(၅)တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း(၆)တွင် အမိန့်စာဆင့်ခေါ်ခြင်း၊ အခန်း(၇)တွင် ဆေးစစ်ဆေးရေး ဘုတ်အဖွဲများဖွဲစည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၈)တွင် ပြည်သူ့စစ်မှုထမ်းတို၏ ခံစားခွင့်များ၊အခန်း(၉)တွင် စစ်စည်းရုံးခြင်း၊ အခန်း(၁၀)တွင် အထွေထွေတို ပါရှိကြောင်း သိရသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရေးဆွဲခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာရှင်လက်သစ် ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ ဖေဖော်ဝါရီတွင်အတည်ပြုခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်နေ့တွင် နည်းဥပဒေကို ဆက်လက်ပြဌာန်းခဲ့သည့်အပေါ် ဝေဖန်ပြောကြားမှုများ အရှိန်မြင့်တက်လာကြောင်း တွေ့ရသည်။
See insights and ads
All reactions:
44