စစ်ကောင်စီသတင်းပေးဒလန်စွပ်စွဲခံရသူ ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မလော့ချောင်ကျေးရွာနေ အသက် (၃၇) နှစ်အရွယ် စိုးနိုင်ဦး ဆိုသူမှာ ယမန်နေ့ ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ၎င်းနေအိမ်တွင်ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ယောက် ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ စိုးနိုင်ဦး မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့နောက် နံနက် (၁၀) နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီးနောက် စစ်ဆေးမှုများပြုလုပ်ကာ စိုးနိုင်ဦး ၏ ရုပ်အလောင်းအား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ၎င်းဒေသခံက ဆိုသည်။
စိုးနိုင်ဦး အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရသေးသော်လည်း၊ စိုးနိုင်ဦး မှာ စစ်တပ်၊ အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှုများရှိသူတစ်ဦးဖြစ်သည့်အပြင်၊ သတင်းပေးဒလန်အဖြစ်လုပ်ဆောင်နေသည်ဆိုသည့်အတွက်ကြောင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဒေသခံများက သုံးသပ်ပြောဆိုမှုများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂) ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာနေ အသက် (၅၁) နှစ်အရွယ် ဦးဆန်းမင်းအေးဆိုသူအား ကျိုက်ထိုမြို့လယ်ရှိ Parrot လက်ဖက်ရည်ဆိုင်တွင် လူငယ်တစ်ဦးမှ ဒလန်ဟုပြောဆိုကာ သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။