ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းများ တစ်ဖက်နိုင်ငံမှ တဆင့်ရယူနေသည်ဆိုသော စစ်ကောင်စီသတင်းထုတ်ပြန်ချက်မှာ အမည်နာမ ဖော်ပြမထားသော်လည်း ထိုင်းနိုင်ငံကိုရည်ညွန်းပြောဆိုသဖြင့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်
ပြန်လည်တုန့်ပြန်လိုက်သည်။
ထိုင်းမြန်မာနယ်စပ်ဒေသတလျှောက် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေး တို့ကို ထိုင်းနိုင်ငံအနေဖြင့် ပိုမိုဂရုတစိုက်ဆောင်ရွက်နေခြင်းဖြစ်ပြီး အထူးသဖြင့် တဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း တရားမဝင်လုပ်ဆောင်နေတာမျိုးကို ထောက်ခံခြင်း မရှိသလို လျစ်လျူရှုတာမျိုးလည်း မပြုလုပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးရှိမယ့် ဆွေးနွေးချက်များကို ထိုင်းနိုင်ငံက လက်ခံရန် အဆင်သင့်ရှိပါကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Thanathip Sawangsaeng က တုန့်ပြန် ပြောဆိုလိုက်သည်။
၄င်းက “ရာဇဝတ်ဂိုဏ်း ကွန်ယက် ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်တဲ့ နေရာမှာ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်” ဟု ပြောသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များ လှုပ်ရှားနေသည့် ဒေသများမှာရှိနေပြီး အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်း အဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတဆင့် ရယူနေခြင်းဖြစ်ကြောင်း နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင်လောင်းကစားမှုများအား နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်စပ်လျဥ်း၍ ဇန်နဝါရီလ ၂၀ ရက် စစ်ကောင်စီသတင်းထုတ်ပြန်ချက်ကို ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက တုန့်ပြန် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထိုင်းမြန်မာနယ်စပ် မြန်မာဘက်ခြမ်း ရွှေကုက္ကိုလ်နှင့် KK Park မြို့သစ်များရှိ ကျားဖျန့် ငွေလိမ်လုပ်ငန်းများအတွက် လျှပ်စစ်မီးနှင့် အင်တာနက်ဆက်သွယ်ရေးအပြင် အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ထိုင်းနိုင်ငံမှ တင်သွင်းလာသည်ဟု စစ်ကောင်စီက ဆိုထားသည်။
ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲနှင့် စစ်ကောင်စီ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်၌ ကျားဖြန့်နှိမ်နင်းရေး နှစ်နိုင်ငံပူးပေါင်းဖြေရှင်းရန် ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက် မြန်မာ့အလင်းသတင်းစာက မြန်မာဘက်ခြမ်း အဆိုပါ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ဖြစ်ပွားနေမှုသည် အိမ်နီးချင်းနိုင်ငံ၏ ထောက်ပံ့နေမှု၊ ပါဝင်ပတ်သက်နေမှုများကြောင့် ဖြစ်ကြောင်း သတင်းစာအာဘော်တွင် ထည်သွင်းဖော်ပြခဲ့သည်။