မြဝတီ၊ ၂၀၂၅ ဇန်နဝါရီ(၂၃)
ကျားဖြန့်ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးတိုက်ဖျက်ရာတွင် ကရင်နယ်ခြားစောင့်တပ် BGF အနေဖြင့် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတော်အစိုးရအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) က သတင်းထုတ်ပြန်သည်။
BGF အနေဖြင့် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ပြီး တရားဝင်စီမံကိန်းကို ဆောင်ရွက်ရာတွင် ဝင်ငွေနည်းမိသားစုများ၏ စိုက်ပျိုးရေးစနစ်အစား ဝင်ငွေတိုးစေရန် စက်ရုံအလုပ်ရုံ၊ အိမ်ရာစီမံကိန်းနှင့် အပန်းဖြေရိပ်သာစသည့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေသည့်လုပ်ငန်းများကို ဖိတ်ခေါ်ကာ နှစ်ရည်မြေငှားရမ်းသည့်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အချို့သော မသမာသည့် ရင်းနှီးမြှုပ်နှံသူများသည် ဒုစရိုက်မှုများကိုပါ ဆောင်ရွက်လာကြကြောင်း စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။
ထို့အတွက် ဒုစရိုက်မှုများအား အများပြည်သူသိရှိရှောင်ရှားစေရေး အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များအား သတိပေး တားမြစ်ခြင်းနှင့် ကျူးလွန်သူကိုဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး သတင်းရရှိသော လူကုန်ကူးမှုများကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ပူးပေါင်းဖော်ထုတ်ကူညီပေးလျက်ရှိကြောင်း BGF ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိမိတို့နယ်ခြားစောင့်တပ်အနေဖြင့် ဖွံ့ဖြိုးရေး လုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်လက်တွဲခြင်းဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှု များကို လုံးဝ(လုံးဝ) လက်မခံဘဲ အတိအလင်းတားမြစ်ထားသကဲ့သို့ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် အာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာကိုယ်စားလှယ်များတို့နှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်မည်ဟု BGF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် DKBA အဖွဲ့တို့မှ တာဝန်ရှိသူများက မြဝတီမြို့နယ်အတွင်းရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခေါ်ယူတွေ့ဆုံခဲ့ပြီး ကိုယ်ထိလက်ရောက် စော်ကားမှု၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးလုပ်သား၊ လူကုန်ကူးမှုအပါအဝင် လိမ်လည်လှည့်ဖြားမှု လုပ်ငန်းများကို ချိုးဖောက်သော စီးပွားရေးလုပ်ငန်းများကို လုပ်ငန်းပိတ်သိမ်းခြင်းနှင့် နှင်ထုတ်ခြင်းတို့ပြုလုပ်မည်ဟု သတိပေးထားသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ ကျားဖြန့်အရေးအပါအဝင် တရားမဝင်လူကုန်ကူးမှုများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်ဖလှယ်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
တရုတ်နှင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် အာဆီယံ ၅ နိုင်ငံတို့ပါဝင်သော အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရန် “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို ယခုနှစ်၏ သင့်လျော်သောအချိန်ကောင်းတွင် စတင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/474464328_546454541780077_900094550413586147_n.jpg?stp=dst-jpg_s600x600_tt6&_nc_cat=101&ccb=1-7&_nc_sid=127cfc&_nc_ohc=qLf1ezNKA-wQ7kNvgEeiBAx&_nc_oc=AdjfRzT1O1YzArs1xyC1MS9vQnpfYeypeNm1VMAmci9U2unjUpFJG5y5kF8TkdFRghY&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AiRHmbE6xcsZqelDi35DEiw&oh=00_AYBPVWjdMo7ACMXQgNSSSbrKgBtXmQjsF4d-YJ4epLap5g&oe=6798CEE3)
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/474596288_546456201779911_3941784134361744186_n.jpg?stp=dst-jpg_s600x600_tt6&_nc_cat=107&ccb=1-7&_nc_sid=127cfc&_nc_ohc=wO6tGk7xNSIQ7kNvgFKQomQ&_nc_oc=Adily9pCDEU1YebHXF8lrFZstKOLGSNDq9L-pVi_0NXtg_GV-UG_FJRY-eCYuJ_TTSk&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AiRHmbE6xcsZqelDi35DEiw&oh=00_AYDMxZkgfu_zkWBzqfFIUxGIHabrZnp-QTscR4HFKFax3Q&oe=6798FF8F)
See insights and ads
All reactions:
6262