မော်လမြိုင်-၂၀၂၅ ဇန် (၂၁)
Online လိမ်လည်မှုမှာ တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကို လိမ်ခြင်းလည်း မဟုတ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင် ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ် ပေးသူများကိုလည်း အရေးယူရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များ လှုပ်ရှားနေသည့် ဒေသများမှာရှိနေပြီး အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်း အဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတဆင့် ရယူနေခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
နယ်မြေဒေသ တည်ငြိမ်အေး ချမ်းမှုမရှိသဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝ စိုးမိုးအုပ် ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိသည့် ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန် လုပ်ဆောင်လျက်ရှိကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီက Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေကြသည့် လောင်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များ အပါအဝင် အခြား နယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူ စုစုပေါင်း ၅၅,၇၁၁ ဦးကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံ သို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်္ကာပူ နိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံ သို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံ သို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီ ယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီ နိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး စုစုပေါင်း ၅၅,၇၁၁ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံသို့ စစ်ကောင်စီက လွှဲပြောင်း ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။