မော်လမြိုင်- ၂၀၂၅ ဇန်နဝါရီ (၂၁)
မြန်မာနိုင်ငံအတွင်း ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းအပေါ် ကျယ်ပြန့်သော နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် တော်လှန်ရေး ဖယ်ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများအနေနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများမှလည်းကောင်း၊ အာဆီယံ ဒေသတွင်း နှင့် ကုလသမဂ္ဂ၏ အေဂျင်စီများမှလည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိပါကြောင်း ဇန်နဝါရီလ (၂၀) ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်အစိုးရအဆက်ဆက်၏ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ တာဝန်ခံမှု ကင်းမဲ့ခြင်းနှင့် အကျင့်ပျက် ခြစားခြင်းများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် တရားမဝင် ကျုးလွန်လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ အမြစ်တွယ်လာခဲ့ပါကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။
မိမိတို့ကာလရှည်ကြာစွာထောက်ပြလာခဲ့သည့် မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့် အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျှင်ပင် လုံခြုံရေးပေးခြင်း နှင့် အထောက်အကူပြုပေးခြင်းများ တို့ဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများဖြစ်ကြသော NUG (အမျိုးသားညီညွတ်ရေး အစိုးရ)၊KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ NMSP –AD (မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)၊ WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံရှိ အခြား အဖွဲ့အစည်းများသည် လူသားအပေါ်အမြတ်ထုတ်မှုအလုံးစုံအား အခိုင်အမာ ဆန့်ကျင် ပြီး (၂၀၂၁) ခုနှစ်တွင် မတရားအာဏာသိမ်းရန် ကြိုးပမ်းခဲ့သော စစ်ကောင်စီကို စဉ်ဆက်မပြတ် ခုခံတော်လှန်သွားရန် ကတိကဝတ် ထားရှိပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားချက်အရ သိရသည်။
See insights and ads
All reactions:
99