မော်လမြိုင်- ၂၀၂၅ ဇန်နဝါရီ (၂၁)
ထိုင်း – မြန်မာနယ်စပ်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ထိုင်း၊ မြန်မာ နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာ၏ ဖေါ်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၇) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖေါ်ပြထားသည်။
ထိုင်း – မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော ဧရိယာအတွင်း တရုတ် စီးပွားရေးလုပ်ငန်းရှင်များက ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစားရုံ၊ ဖျော်ဖြေရေးလုပ်ငန်းများ အမည်ခံလုပ်ဆောင်နေသည့် လုပ်ငန်းများတွင် တရားမဝင် လူမှောင်ခိုကူးမှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုများနှင့် အွန်လိုင်းလိမ်လည်မှုများကြောင့် နိုင်ငံတကာက အာရုံစိုက်မှုမြင့်တက်လာချိန်တွင် ယခုကဲ့သို့သဘောတူညီမှုရယူခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။
အဆိုပါ အမှုအခင်းများနှင့် ပတ်သက်၍ တရုတ်အစိုးရကလည်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ အတူတကွနှိမ်နှင်းသွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ဘေကျင်းတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ကလည်း ပြောကြားထားကြောင်း သိရသည်။
ထိုင်း – မြန်မာ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော တရုတ်မင်းသားအပါအဝင် တရုတ်ဆယ်လီအချို့ပါ ထိုင်းနိုင်ငံမှတဆင့် မြန်မာဘက်ခြမ်းရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် လူကုန်ကူးသည့်ဂိုဏ်းများ၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မလိမ်လည် ပို့ဆောင်ခံရမှု ဖြစ်စဉ်အပြီးတွင် နိုင်ငံတကာ၏ အာရုံစိုက်မှု ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။
ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တရုတ်မင်းသားလူကုန်ကူးခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူပုဂ္ဂိုလ် (၁၂) ဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန် ထားသည်။
ထို ထိုင်း – မြန်မာနယ်စပ်တွင် အခြေစိုက်ထားသည့် ကျားဖြန့် ခေါ် အွန်လိုင်းလိမ်ဂိုဏ်းများနှင့် ပတ်သက်ပြီး အရေးတကြီး ဖြေရှင်းရမည့် ပြဿနာများဖြစ်သည့်အတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းနှိမ်နှင်းသွားရန် ဇန်နဝါရီ (၁၇) ရက်က ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – Bangkok post
See insights and ads
All reactions:
66