ရေး- ၂၀၂၅ ဇန်(၂၀)
တိုက်ပွဲများဖြစ်ပွားခဲ့သော ရေးမြို့နယ်အရှေ့ပိုင်း ကျုံလောင်းရွာနှင့်အနီးအနားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့အစည်းများက ပြည်သူအများအသုံးပြုနေသည့်လမ်းကို အပြန်အလှန်ထိန်းချုပ် ပိတ်ဆို့ထားသောကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာနှင့် စက်သုံးဆီများစျေးနှုန်းများ မြင့်တက်လာနေကြောင်း တွေ့ရသည်။
ရေးချောင်းဖျားဒေသကို စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်ကျင့်သုံး၍ ရေး-ကျုံလောင်းလမ်းကို ပိတ်ဆို့ထားသလို ဝယ်ပေါင်-ကျုံလောင်းလမ်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း၊ ရာဘာ၊ ကွမ်းသီးနနင့် ဥယျာဉ်ခြံလုပ်သားအများအပြား ရေးမြို့ပေါ်နှင့် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်နေရကြောင်း ဥယာဥ်ခြံသမားတစ်ဦးက ပြောသည်။
“ရေးချောင်းဖျားဘက်ကို စစ်ကောင်စီက ဖြတ်လေးဖြတ်လုပ်ထားတယ်၊ ရေး
ကနေ ဆန်နဲ့ စက်သုံးဆီတွေ ယူလာလို့မရဘူး၊ ပေါင် ၁၀၀ ဆန်တအိတ် တစ်သိန်းရှစ်သောင်းကျော်၊ စစ်သုံးဆီ တစ်လီတာ ရှစ်ထောင်အထိ ကုန်စျေးနှုန်း တအားမြင့်တက်လာတယ်၊ ကျုံလောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင်ရွာတွေမှာ အိမ်စောင့်တယောက် တလေကလွဲရင် ရွာသားတွေမရှိသလောက်ပဲ ဓမ္မပါလဘက်ကို စစ်ရှောင်သွားကြတယ်၊ စစ်ရှောင်တွေအများစုကတော့ မြန်မာရွှေ့ပြောင်း ခြံလုပ်သားတွေပါ” ဟု ဆိုသည်။
ရေးမြို့နယ်အရှေ့ပိုင်းကျေးရွာများဖြစ်သည့် ကျုံလောင်းရွာဟောင်း၊ ကျောင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ရေး ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။
“ခြံထဲမှာ ရာဘာတွေရော၊ ကွမ်းသီးဆိုသောင်းချီ ကျန်ခဲ့တယ်၊ ရော်ဘာဆိုလည်း ခုချိန်က အစေးခြစ်ကောင်းတဲ့အချိန်လေ၊ ဆုံးရုံးမှုများတာပေါ့၊ ခြံတွေထဲ လက်နက်ကြီးကျတော့ အပင်တွေဆုံးတာလဲရှိတယ်၊ ကျွန်တော်လက်လှမ်းမှီသလောက် စုပေါင်းတွက်ပြရရင် ငွေသိန်းသောင်းချီနစ်နာနိုင်ပါတယ်၊ ဒီဒေသတဝိုက်အပြင်ပေါ့ ခုက ရေး-ကျုံလောင်းလမ်းက ပိတ်ထားတော့ အချို့ဘက်က တိုက်ပွဲမဖြစ်သော်ငြားလည်းပဲ အဲလမ်းကိုပဲအသုံးပြုပြီး မြို့ကိုလာရတဲ့အခါကျတော့ ဝင်လို့ မရဘူးလေ၊ ဒေသထွက်ကုန်ကိုတော့ ပစ်ထားရတဲ့အခြေအနေပါ ” ဟု ဝယ်ပေါင်ဒေသခံတစ်ဦးက ပြောကြားသည်။
သို့ရာတွင် ရေး-ကျောင်းရွာလမ်းပိုင်းဘက်တွင် တစ်နိုင်တစ်ပိုင်ရိက္ခာသယ်ယူခွင့်ကလွဲပြီး ဆန်နှင့် စက်သုံးဆီအများအပြား သယ်ယူခွင့်ကန့်သတ်ထားသဖြင့် ဒေသခံများ ကျန်းမာရေးဆို်င်ရရာကိစ္စရပ်များအပါအဝင် ရိက္ခာပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်မားလာမှု အခက်အခဲများကြုံတွေ့လာနေရကြောင်း သိရသည်။
ထို့အပြင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) စသည့် တောလှန်ရေးအဖွဲ့အစည်း (၄) ဖွဲ့ပူးပေါင်းကာ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် “ရာမညပူးတွဲစစ်ကြောင်း” အဖြစ် ဖွဲ့စည်းခဲ့ပြီး ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo- စစ်ရှောင်များအား MRDC က စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့ပုံ
See insights and ads
All reactions:
66