မုဒုံ- ၂၀၂၅ ဇန်နဝါရီ (၁၅)
မုဒုံမြို့နယ် အဘစ်ကျေးရွာ အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းတွင် အိမ်စီးကားတစ်စီးပေါ်မှ လက်လုပ်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၃) ရက်နေ့ ညနေအချိန်က အဆိုပါ အဘစ် – ခလယ်တံခွန်တိုင်ကားလမ်းရှိ စစ်ဆေးရေးဂိတ်၌ ဘုရားသုံးဆူမြို့ဘက်မှ ကမာဝက်မြို့ဘက်သို့ မောင်းနှင်လာသည့် INSIGHT အမျိုးအစား အိမ်စီးကားတစ်စီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရပ်တန့်စစ်ဆေးခဲ့ရာမှ ကားပေါ်မှ လက်လုပ်ပစ္စတိုသေနတ်တစ်လက်၊ ဘောစေ့ထည့်ပစ်ရသည့် လက်လုပ်သေနတ်အရှည်တစ်လက် နှင့် ဓါးရှည်တစ်လက်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ကားကိုမောင်းနှင်လာသူက ဘားအံမြို့နယ် ဇာသပြင်ကျေးရွာမှနေထိုင်တဲ့ အသက် (၄၃) နှစ်အရွယ် ဦးဝင်းနောင်စိုး ဆိုသူလို့ သိရပါတယ်။ သူနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ လက်လုပ်သေနတ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို အဘစ် – ခလယ်တံခွန်တိုင်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဂိတ်ရှိသည့်အပြင် ယင်းလမ်းကြောင်းတလျှောက် ရှောင်တခင်စစ်ဆေးမှုများလည်းလုပ်ဆောင်ကြလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဇွန်လ (၂၀) ရက်နေ့ကလည်း အဆိုပါ အဘစ် – ခလယ်တံခွန်တိုင်ကားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးထံမှ ပစ္စတိုသေနတ် (၅) လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။