မော်လမြိုင်-၂၀၂၅ ဇန်နဝါရီ (၁၅)
NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ 7 EAO Alliance မဟာမိတ်အဖွဲ့က ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးအရွက် လုပ်ငန်းစဉ်တိုးမြှင့်ဆောင်ရွက်သွားရန် ယမန်နေ့တွင် အွန်လိုင်းဆွေးနွေးခဲ့သည်။
အဆိုပါ 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှ နေ့စဥ်ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအား သုံးသပ်ခဲ့ကြကာ လက်ငင်းနိုင်ငံရေးအကြပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“အိမ်နီးချင်းနဲ့ နိုင်ငံတကာမှာ စိုးရိမ်နေတာက အတိုက်အခံ ဘက်ကလည်း SAC ကို အပြုတ်တိုက်ဖို့ပဲ ပြောနေတယ်၊ တိုက်ပြီးသွားရင်လည်း အားလုံးတစုတစည်းထဲ ဖြစ်နိုင်မလားဆိုတာ ဒီအချက်ကို စိုးရိမ်နေတာ။ တစုတစည်းထဲ မဖြစ်ရင် ဒီနိုင်ငံက ပြိုကွဲသွားနိုင်တယ်ဆိုတာမျိုး မြင်တာပေါ့။ ဒါကြောင့် အရင်တိုင်းပဲ အလုပ်ဆက်လုပ်နေရင် ၂၀၂၅ ခုနှစ်ထဲ ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ လိုက်မမီဘဲ ဖြစ်မယ်၊ လုပ်နည်းလုပ်ဟန် အားလုံးပြောင်းလဲဖို့ လိုတယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောတယ်။ ဒီနှစ်မှာ ဘာတွေလုပ်မယ်ဆိုတာ ဆွေးနွေးကြတယ်”ဟု ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက ကောင်းဝါကို ပြောသည်။
7 EAO Alliance ဦးဆောင်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုအဖွဲ့ခေါင်းဆောင်ဖြစ်သူ NMSP ဒုဉက္ကဋ္ဌ နိုင်အောင်မင်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အသီးသီးမှ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့သည်။
၂၀၂၄ မတ်လတွင် NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့မှ စုဖွဲ့မှုပုံစံအသစ်ဖြင့် 7 EAO Alliance မဟာမိတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP) ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ ပါဝင်ကြောင်း သိရသည်။
See insights and ads
All reactions:
1616