ဘန်ကောက်၊ ၂၀၂၅ ဇန်နဝါရီ(၁၅)
တရုတ်နိုင်ငံသားအချို့ကို နယ်စပ်ရှိ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းများ၏ သွေးဆောင်ခေါ်ယူခြင်းခံခဲ့ရသည့်အတွက် လာမည့် တရုတ်နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်မည် တရုတ်နိုင်ငံသားအများအပြား ၎င်းတို့၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းမီဒီယာများက ရေးသားဖော်ပြသည်။
ထို့အတူ ဟောင်ကောင်နာမည်ကြီး Cantopop အဆိုတော် Eason Chan Yik-shun ၏ ဖေဖေါ်ဝါရီလအတွင်း ထိုင်းနိုင်ငံမှာ လာရောက်ဖျော်ဖြေမည့်ခရီးစဉ်ကိုလည်း လုံခြုံရေးစိုးရိမ်မှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားသည်။
ထိုင်းနိုင်ငံ၏ ဟိုတယ်၊ ခရီးသွားလာရေးနှင့် လေကြောင်းလိုင်းနှင့်ပတ်သက်သည့် အစုရှယ်ယာဈေးများမှာလည်း ဇန်နဝါရီလ ၁၃ ရက်နေ့က ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် တရုတ်နိုင်ငံသားများ ယုံကြည်မှုပြန်လည်ရရှိရေးနှင့် လုံခြုံရေးအာမခံနိုင်ရေး တို့အတွက် စီမံဆောင်ရွက်နေကြောင်း သတင်းစာက ရေးသားဖော်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွင်း တရားမဝင်လုပ်ငန်းလုပ်ကိုင်နေကြပြီး နေရပ်သို့ ပြန်လည်မရောက်ရှိလာသေးသည့် ဟောင်ကောင်ဒေသခံများကို ရှာဖွေရေးအတွက် ဟောင်ကောင်လုံခြုံရေးဗျူဟာက ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဟောင်ကောင်နိုင်ငံသားအချို့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံအတွင်းက တရားမဝင်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေရပြီး ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်က အကူအညီတောင်းခံသူ ၂၈ ဦး ရှိခဲ့ပြီး ၁၆ ယောက်သာ ပြန်လည်ရောက်ရှိလာသေးကြောင်း ဟောင်ကောင်လုံခြုံရေး ဗျူရိုက ပြောဆိုထားသည်။
တရုတ်ရုပ်ရှင်မင်းသား Wang Xing အပါအဝင် တရုတ်နိုင်ငံသားအချို့ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေကြေးလိမ်ညာသည့် ကျားဖြန့်ဂိုဏ်းများက လှည့်ဖျားပြီး အဓမ္မခေါ်ဆောင်သွားသဖြင့် ကယ်ဆယ်ခဲ့ရကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ထိုင်းနှင့်တရုတ် အဆင့်မြင့်ရဲအရာရှိများ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော်ရာဝတ်မှုနှိမ်နင်းရေးများဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။