မော်လမြိုင်-၂၀၂၅ ဇန်နဝါရီ (၁၃)
တရုတ်နိုင်ငံသားများအနေဖြင့် လစာအများအပြားနှင့် နိုင်ငံရပ်ခြား အလုပ်ခေါ်ယူလိမ်လည်လှည့်ဖြားမှုများကို သတိထားကြဖို့၊ လေယာဥ်၊ အစားအသောက်နှင့် နေထိုင် စရိတ်ကုန်ကျခံပေးမည်ဆိုသော အွန်လိုင်းလိမ်လည်မှု မက်လုံးပေးကြော်ငြာများ မယုံကြည်ဖို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်ထားသည်။
အွန်လိုင်းလိမ်လည်မှု လှည့်ဖြားခံရသူများသည် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံ မြဝတီဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်ခံရပြီး တယ်လီကွန်း အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများမှာ ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်ဟု ဆိုသည်။
အကယ်၍ လိမ်လည်မှု သားကောင် ဖြစ်ခံရပါက ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားရန်နှင့် မြန်မာနိုင်ငံရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများထံ အကူအညီများရယူရန်ကိုလည်း သတိပေးထားသည်။
အလားတူ ထိုင်းနိုင်ငံကိုလာမည့် တရုတ် ခရီးသွားများအနေဖြင့် ဗီဇာစည်းကမ်းများကို လိုက်နာရန်နှင့် တရားမဝင် အလုပ်များ မလုပ်ကိုင်ကြရန် ဘန်ကောက်မြို့တော် တရုတ်သံရုံး We Chat အကောင့်မှာလည်း သတိပေး ထုတ်ပြန်ထားသည်။
တရုတ် ရုပ်ရှင်သရုပ်ဆောင် ဝမ်ရှင်း Wang Xing သည် အွန်လိုင်းလိမ်လည်မှု မက်လုံးပေးကြော်ငြာများကို ယုံကြည်လက်ခံခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာကြောင်း၊ ထိုနောက် တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ ရောက်သွားပြီး မြန်မာနယ်စပ်သို့ တရားမဝင် ဝင်ရောက်သွားခဲ့ကြောင်း၊ လူကုန်ကူးဂိုဏ်းက သူ့ကို ခေါင်းရိတ်ခဲ့ပြီး အကျဉ်းချကာ စာရိုက်လေ့ကျင့်ခြင်းကို နှစ်ရက်သုံးရက်ခန့် တခြားလူအနည်းဆုံး လူ ၅၀ ခန့်နှင့်အတူ လေ့ကျင့်ပေးခံရကြောင်း၊ သူ၏ဖြစ်စဥ်ကို တရုတ်နှင့် ထိုင်းရဲများသိရှိရပြီးနောက် လူကုန်ကူးခံရသူ ၅၀ ခန့်နှင့်အတူ ဇန်နဝါရီ ၇ ရက်တွင် ထိုင်းရဲက ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်အစိုးရ အာဘော် Global Times သတင်းက ဖော်ပြသည်။
ပြီးခဲ့သည့်စနေနေ့တွင် တရုတ်မင်းသား ဝမ်ရှင်းက “နွေးထွေး လုံခြုံ လွတ်လပ်မှု ပေးစွမ်းနိုင်တဲ့ အမိတိုင်းပြည်ကို ပြန်လည် ရောက်ရှိသွားပြီ၊ တရုတ်အစိုးရ၊ ထိုင်းနဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတွေ၊ တရုတ်နဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ တခြား တရားဥပဒေစိုးမိုးရေး အဖွဲ့တွေကို ကျေးဇူးတင်ရှိကြောင်း” သူ့၏တရုတ် လူမှုကွန်ရက် Weibo အကောင့်မှာ ရေးသားခဲ့သည်။
Source- Global Time;