သထုံ- ၂၀၂၅ ဇန်နဝါရီ (၁၃)
သထုံမြို့တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးအား PDF ဟု စွပ်စွဲကာ စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက် ဘားအံ – သထုံ ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲ၊ ပြည်သူ့စစ် နှင့် ပျူစောထီးအဖွဲ့ဝင်များမှ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်ဆေးမှုများလုပ်ဆောင်နေစဉ် သထုံမြို့၊ သုဓမ္မဝတီမြို့သစ်ဘက်မှ သထုံမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်နှစ်ဦး အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဆိုင်ကယ်မောင်းနှင်လာသူက စခန်းကြီးကျေးရွာမှာနေထိုင်တဲ့ အသက် (၁၅) နှစ်အရွယ် နေထွန်းဦး လို့သိရပါတယ်။ ဆိုင်ကယ်နောက်မှာလိုက်ပါလာသူက ညောင်ချောင်းကျေးရွာမှာနေထိုင်တဲ့ အသက် (၁၉) နှစ်အရွယ် ရဲမြင့်ထွန်း (ခ) ဘုတ်ဘုတ် လို့ သိရပါတယ်။ သူတို့နှစ်ယောက်က သထုံမြို့ဘက်ကို ဆိုင်ကယ်စီးလာတဲ့အချိန်မှာ စစ်ဆေးရေးတွေတွေ့လို့ ဆိုင်ကယ်ပြန်ကွေ့လိုက်တာကို စစ်ဆေးရေးတွေက တွေ့လို့ လိုက်ဖမ်းတာ မိသွားတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ၎င်းလူငယ်နှစ်ဦးအား သထုံမြို့ရှိ စစ်ကြောရေးတွင် စစ်ဆေးနေဆဲဖြစ်သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။
၎င်းလူငယ်နှစ်ဦးအား စစ်ဆေးရော ရဲမြင့်ထွန်း မှာ (၂၀၂၂) ခုနှစ် မေလတွင် KNU တပ်မဟာ (၁) လက်အောက်ခံ PDF အဖွဲ့ဝင် မောင်ကတိ ဆိုသူမှ သထုံမြို့နယ် မိချောင်းအိုင်ကျေးရွာ သို့ ခေါ်ဆောင်သွားခဲ့ပြီး KNU တပ်မဟာ (၁) လက်အောက်ခံ PDF အဖွဲ့ခေါင်းဆောင် မောင်သန့် ဆိုသူ ဦးစီးဖွင့်လှစ်သည့် ဆေးတပ်သားသင်တန်းသို့ (၆) ပတ်ခန့်တက်ရောက်ခဲ့ကြောင်း၊ PDF အဖွဲ့တွင် (၁) နှစ်ခန့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ၍ ရဲမြင့်ထွန်း (ခ) ဘုတ်ဘုတ် အား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖေါ်ပြထားကြသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း သထုံမြို့နယ်အတွင်း စစ်မှုထမ်းရန် လူငယ် (၅၀) ကျော်ဖမ်းဆီးခံခဲ့ရသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ဆိုကာ လုပ်ငန်းရှင် (၈) ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူများအနက် ငွေကြေးသိန်းရာချီပေးနိုင်သူတချို့ ပြန်လည်လွတ်မြောက်လာကြသူများလည်းရှိသလို၊ တချို့မှာလည်း ဆက်လက်ဖမ်းဆီးခြင်းခံထားရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပုံစာ – ဖမ်းဆီးခံထားရသည့် ရဲမြင့်ထွန်း (ခ) ဘုတ်ဘုတ်
See insights and ads
All reactions:
55