ရေး ၊ ၂၀၂၅ ဇန်နဝါရီ(၁၃)
ရေးမြို့နယ် အရှေ့ပိုင်းဒေသများဖြစ်ကြသည့် ရေး -ကျောင်းရွာ၊ ရေး-ကျုံလောင်းလမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး ဆန်နှင့် အခြားရိက္ခာသယ်ဆောင်ခွင့်ကိုပါ ကန့်သတ်ထားသဖြင့် စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း သိရသည်။
တော်လှန်ရေးမဟာမိတ်အဖွဲ့ဖြစ်သော NMSP(AD), MSRF, MSDF, MLA, NUG-PDF လက်အောက်ခံ ဒေါနစစ်ကြောင်း၊ ABSDF၊ ဒေသအခြေစိုက် KNU ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ၏ စကခ (၁၉) လက်အောက်ခံ ရေးမြို့နယ်အခြေစိုက် ခလရ ၃၁၊ ခလ၇ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃၊ ခမရ ၅၈၃၊ ခမရ ၅၉၁ နှင့် အမတ ၃၁၆ တပ်ရင်းများမှ လက်ကျန်ထုတ်နုတ်အင်အားများဖြင့် စုဖွဲ့ထားသည့် စစ်ကြောင်းတို့သည် ဇန်နဝါရီ ၈ ရက်နေ့မှ စတင်၍ ကျုံလောင်းကျေးရွာတဝိုက်တွင် တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ရေး-ကျုံလောင်းကတော့ အသွားပဲရတယ်၊ ရိက္ခာသယ်ခွင့်မရှိဘူး၊ အပြန်တော့ ခွင့်မပြုဘူး၊ ရေးနဲ့ကျောင်းရွာလမ်းကတော့ အသွားအလာလုပ်လို့ ရနေသေးပေမယ့် ဆန်နဲ့ အခြားစားနပ်ရိက္ခာတွေကိုကတော့ တစ်နိုင်တစ်ပိုင်ပဲပေးသယ်တယ်၊ ဆန်အိတ်တွေ၊ ဆီပုံးတွေကိုမပေးသယ်တော့ဘူး၊ ရွာထဲကဆိုင်တွေအတော်များများကလည်း မရောင်းကြတော့ဘူး၊ ရိက္ခာပြတ်မှာစိုးလို့၊ ဆန်စုထားသမားကလွဲပြီး တစ်နေ့လုပ်တစ်နေ့ဝယ်စားရသူတွေ ဒုက္ခဖြစ်နေတယ်” ဟု ရေးချောင်းဖျားဒေသနေ ဒေသခံတစ်ဦးက ပြောကြားသည်။
အင်အား ၄၀၀ ဝန်းကျင်ကျော်ရှိသော တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ ရေးမြို့ပေါ်သို့ စစ်ဆင်ရေးဝင်ရောက်လာမည်ကို စိုးရိမ်ရသဖြင့် ရေးမြို့အတွင်း စစ်ကောင်စီက ခုခံစစ်ပြင်ဆင်နေပြီး မြို့ပြင် တောင်ကုန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် လက်နက်ကြီးများအထိုင်ချကာ နေ့စဉ် အလုံးရေ ၁၀ မှ ၅၀ ကြား ရေးအရှေ့ပိုင်းဒေသများကို ပစ်ခတ်လျှက်ရှိနေသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီဂျက်ဖိုက်တာ လေယာဉ်ဖြင့် ကျုံလောင်းရွာပတ်ဝန်းကျင်သို့ ဗုံး (၃)လုံး လာရောက်ကြဲချခဲ့ရာတွင် ပစ်မှတ်များ လွဲချော်နေသည့်အပြင် စစ်ကောင်စီ၏ မြေပြင်တပ်ဖွဲ့များမှာလည်း ၃ ကြိမ်ထက်မနည်း အလစ်အငိုက်ချေမှုန်းတိုက်ခိုက်ခံလိုက်ရသဖြင့် အထိခိုက်ကျဆုံးမှုများစွာဖြစ်ပေါ်ခဲ့သော်လည်း ကောင်းဝါမှ အတည်မပြုနိုင်သေးပါ။
“ခုဆို ရေးနဲ့အနီးဆုံးရွာဖြစ်တဲ့ ကွင်းရှည်ရွာမှာတောင် စစ်တပ်ကလာထိုင်လို့ လူတွေရှောင်နေကြပြီ၊ ကျုံလောင်းဝန်းကျင်ရွာအချို့ကတော့ တိုက်ပွဲလွတ်ရာ မှန်းပြီးတော့ အဲ့ဒေသမှာရှောင်နေကြသူလည်းရှိတယ်၊ အချို့ တိုက်ပွဲလွတ်တဲ့နေရာ ခြံတွေ၊ ချောင်းတွေကနေ ပတ်ပြီးတော့ ခက်ခက်ခဲခဲ ရေးကိုပြန်ပြီး စစ်ရှောင်ကြတာလဲရှိနေတယ်၊ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲမသိဘူး၊ အဲ့လမ်းပိုင်းခြံတွေနဲ့ လူတွေကတော့ ဘယ်သူမှမရှိတော့ဘူး၊ တိုက်ပွဲကတော့ အကြီးတော့မဟုတ်သေးဘူး၊ စစ်မြူနေတဲ့အသွင်ဆောင်တယ်၊ ဟိုဘက်ဒီဘက် စစ်ကစားနေကြတယ် ” ဟု ရေးမြို့နေ ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် စစ်အရေးအရှိန်အမြင့်မားဆုံးဖြစ်နေသည့် ကျုံလောင်း၊ ကျောက်မိချောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင်ကျေးရွာများက စစ်ရှောင် ၁၀၀၀ ဝန်းကျင်ခန့်မှာ စားနပ်ရိက္ခာအခက်အခဲဖြစ်နေပြီး ထိုင်းမြန်မာနယ်စပ်ဒေသများက အလှူရှင်များက လာရောက်ထောက်ပံ့ကူညီပေးနေကြရကြောင်း ဒေသခံများက ပြောကြားသည်။
See insights and ads
All reactions:
7373