ကျိုက်ထို- ၂၀၂၅ ဇန်နဝါရီ (၁၃)
ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်က ကျိုက်ပိကျေးရွာ၊ မြောက်ပိုင်းနေ အသက် (၅၁) နှစ်အရွယ် ဦးဆန်းမင်းအေး ဆိုသူမှာ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Parrot လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် အမည်မသိလူငယ် (၁) ဦးဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်သမားတစ်ဦးက ဖက္ကလိပ်ရွာဘက်လမ်းကနေလာပြီး လက်ဖက်ရည်ဆိုင်ထဲဝင်လာပြီးတော့ ဦးဆန်းမင်းအေးကို ပစ္စတိုသေနတ်နဲ့ ပစ်သွားတာပါ။ ပြီးတော့ ဖက္ကလိပ်ရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်မောင်းထွက်သွားတယ်” ဟု ၎င်းဒေသခံ က ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးဆန်းမင်းအေး တွင် ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်နားရွက်အောက်ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ မေးစေ့အောက်ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူ ဦးဆန်းမင်းအောင် မှာ လိုင်စင်မဲ့ယာဉ်များ ပို့ဆောင်နေသူတစ်ဦးဖြစ်သည်ဟုသိရကြောင်းနှင့် ၎င်းအားမည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့်ပစ်သတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကောင်းဝါး မှ ပြုစုထားသည့် စာရင်းများအရ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်က မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် လူ (၆၃) ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
See insights and ads
All reactions:
1313