မြန်မာနိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု၊ နေအိမ်များကို မီးရှို့ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများနှင့် အဆောက်အအုံများကို တိုက်ခိုက်ခြင်းများအပါအဝင် စစ်အာဏာရှင်အဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်မှုအပေါ် ကန့်သတ်ချုပ်ချယ်ခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်နေ့က ၉ နိုင်ငံပူးတွဲထုတ်ပြန်ချက်မှာ ဖော််ပြခဲ့သည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းများ၊ အရှိန်အဟုန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းကြား တင်းမာမှုများ ပိုပိုဆိုးရွားလာပြီး အာဏာရှင်အဖွဲ့အစည်းက ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်မှုများအပေါ် လက်ခံနိုင်စရာမရှိကြောင်း အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေ၊ နှင့် ယူနိုက်တက်ကင်းဒမ်းအစိုးရများက ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့သည်။
အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ကလူပြုမှုများနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုများကျူးလွန်ခဲ့ကြောင်း ခိုင်လုံသည့် အစီရင်ခံမှုများစွာရှိနေပြီး ၄င်းအစီရင်ခံမှုများအရကလေးငယ်များနှင့် လူနည်းစု တိုင်းရင်းသားနှင့် ဘာသာရေးအသိုက်အဝန်းများကို အဓမ္မသွေးဆောင်ခြင်းနှင့် စုဆောင်းခြင်း၊ အရပ်သားပြည်သူများ သေကြေထိခိုက်စေသည့်၊ အများပြည်သူ့လမ်းပန်းဆက်သွယ်ရေးစနစ်များ ပျက်စီးစေသည့် မြန်မာစစ်တပ်၏ အဆင်အခြင်မဲ့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပါဝင်ကြောင်း ထုတ်ပြန်ချက်က ဖော််ပြသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခမှ ထွက်ပြေးလွတ်မြောက်ရန် ဘေးကင်းလုံခြုံသည့်နေရာများမရှိခြင်းနှင့် အကြမ်းဖက်မှုမှ ထွက်ပြေးကြရသည့် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်းများအပေါ် စိတ်မချမ်းမြေ့ ရကြောင်း၊ ပဋိပက္ခကြောင့် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များ တိုးမြင့်လျှက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ခြင်းကို အာဏာရှင်အဖွဲ့အစည်းက ပိတ်ပင်မှုကြောင့်လည်း ပိုမို ဆိုးဝါးလာလျက်ရှိကြောင်း၊ ပဋိပက္ခကြောင့် လူပေါင်း ၃.၅သန်းကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရပြီး ၄င်းတို့ထဲမှာ တချို့မှာ နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ ယခုအခါ လူဦးရေ ၁၅သန်းကျော်မှာ ကြီးမားသောစားနပ်ရိက္ခာရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေကြရသည့်အပြင် ဆေးဝါးအထောက်အကူများ ပေးပို့ခြင်းအပေါ် ကန့်သတ်မှုများကြောင့် ကာလဝမ်းရောဂါအပါအဝင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည်လည်း တိုးမြင့်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းအဆုံးသတ်ရန်တောင်းဆိုပြီး ပဋိပက္ခကို ရပ်တန့်ရန်၊ တင်းမာမှုများကို ဖြေလျှော့ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသူများအားလုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်နှင့်အညီ အကျပ်အတည်းကို အဖြေရှာရာတွင် အာဆီယံအဖွဲ့အစည်း၏ အဓိကကျသည့် အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အရေးပါသောအခန်းကဏ္ဍကိုလည်း အသိမှတ်ပြုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
See insights and ads
All reactions:
77