ရေး ၊ ၂၀၂၅ ဇန်နဝါရီ (၁၁)
တိုက်ပွဲဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အရှေ့ပိုင်း ကျုံလောင်းရွာဟောင်းကျေးရွာနှင့် အနီးတဝိုက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ NUG-PDF လက်အောက်ခံ ဒေါနစစ်ကြောင်း၊ ABSDF တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ နှစ်ရက်ကြာခန့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ကြောင်း၊ ယနေ့တွင် လေယာဥ်များဖြင့် ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအနေအထားကို ကောင်းဝါမှ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ရေးအခြေစိုက် စကခ (၁၉) ဌာနချုပ် အပါအဝင် တပ်ရင်းများက ဇန်နဝါရီလ ၈ ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရေးအရှေ့ပိုင်းသို့ စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဇန်နဝါရီလ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့တွင် စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
”အာဏာသိမ်းပြီး ရေးမှာ ဒါပထမဆုံးအကြိမ်ဗုံးကြဲတာပါ၊ ကျုံလောင်းဘက်ကတိုက်ပွဲမှာ ခု တပ်ဘက်က အတော်ကျနေတယ်ကြားတယ်၊ စစ်ကူတွေလဲတက်သွားတယ်၊ အဲ့ဒါလဲထိတယ်ကြားတယ်၊ ကျုံလောင်းနဲ့ဝန်းကျင်ကခြံတွေမှာရယ်၊ ဘုန်းတော်ကြီးကျောင်းတွေရယ်က ဆရာတော်သံဃာတော်တွေကတော့ မရှိတော့ဘူး၊ ထောင်နဲ့ချီနေပြီး ဝေးတဲ့နေရာစစ်ရှောင်နေကြပြီ ” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောကြားသည်။
ရေးမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များသို့ တော်လှန်ရေးတပ်များလာရောက်တိုက်ခိုက်ရန် စုဖွဲ့နေသည်ဟု သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေပြီး စစ်ကောင်စီတပ်ရင်းများကလည်း နေ့စဉ် လက်နက်ကြီးဖြင့် အချက် ၃၀ ကျော်ထက်မနည်း ရေးအရှေ့ပိုင်းကျေးရွာများသို့ ပစ်ခတ်နေသည်။
လက်ရှိ ရေးမြို့ပေါ်ရှိ ကျောင်းများနှင့် ဈေးများ မွန်းလွဲပိုင်းကတည်းက ပိတ်သိမ်းနေပြီး မြို့နေလူထုများ စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။