ရေး-၂၀၂၅ ဇန်နဝါရီ (၁၁)
ရေးမြို့အရှေ့ဘက်ရှိ ကျုံလောင်းလမ်းတလျှောက် ဘုန်းတော်ကြီးကျောင်း တောင်ကုန်းများပေါ်တွင် စစ်ကောင်စီတပ်က အမြှောက်များ အထိုင်ချထားသဖြင့် အနီးအနားတဝိုက်ရွာများမှ သံဃာတော်များနှင့် ရွာသားများအားလုံး ယမန်နေ့ညနေပိုင်း၌ ရေးမြို့ပေါ်သို့ အရေးပေါ်ပြောင်းရွှေ့နေထိုင်ရသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်က အင်အားရာနှင့်ချီသည့် စစ်ကောင်စီစစ်ကြောင်းများက ကျုံလောင်းရွာဟောင်းဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သလို စကခ (၁၉) ဌာနချုပ်၊ ခလရ (၆၁) နှင့် အမတ (၃၁၆) အမြှောက်တပ်တို့က လက်နက်ကြီးနှင့် အမြှောက်များဖြင့် ကာပစ်ပေးခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးရော ရွာသားတွေပါမကျန် အကုန်လုံးထွက်ပြေးလာရတယ်၊ တချို့က မွန်ပြည်သစ်နယ်မြေ ဝယ်ပေါင်၊ ဝယ်ဇင်ဘက်ရောက်သွားသလို ရေးမြို့ပေါ်ကို ပြေးတက်လာကြတာကလည်း မနည်းလှဘူး၊ ရွာမှာဘယ်သူမှ မနေရဲတော့ဘူး၊ ရေးမြို့ပေါ်က စစ်တပ်စခန်းတွေကို တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အား ၄၀၀ လောက် ကျုံလောင်းရွာ အနီးတဝိုက် စုရုံးရောက်ရှိနေတယ်လို့ သတင်းပြန့်နှံ့နေတယ် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးသွားတာနဲ့ တိုက်ပွဲဖြစ်တော့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ NUG-PDF လက်အောက်ခံ ဒေါနစစ်ကြောင်း၊ ABSDF တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ နှစ်ရက်ကြာခန့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိသော်လည်း ကောင်းဝါမှ အတည်ပြုနိုင်ခြင်းမရှိပေ။
လက်ရှိတွင် ရေးမြို့အဝင်အထွက်နေရာများကို စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ထားလိုက်ပြီး ကျုံးလောင်းကျေးရွာအနီးအနားတဝိုက်ရှိ ဥယာဥ်ခြံသမားများနှင့် ရာဘာခြံလုပ်သားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။
See insights and ads
All reactions:
154154