ရန်ကုန်- ၂၀၂၅ ဇန်နဝါရီ (၇)
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မြန်မာနိုင်ငံကူးလက်မှတ် ပတ်စပို့အတု ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ နွယ်နီလှိုင်မင်း ၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်)ဗလတို့က တစ်ဦးလျှင် ဝန်ဆောင်ခအဖြစ် ငွေကျပ်သိန်း ၈၀ စီ၊ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီရယူခဲ့ပြီးနောက် နိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ပေးကာ မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ပို့ဆောင်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန်စီစဉ်ခဲ့သည်ဟု စစ်ကောင်စီပြောခွင့်ရက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက် မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မြဝတီမှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်း ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ်အတု ၁၁ အုပ်ကို သိမ်းဆည်းရမိခဲ့ရာမှ ယင်းဖြစ်စဥ်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကို အမှုဖွင့်လှစ်ခဲ့ပြီး One Asia အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ဝဏ္ဏဇော်(ခ)ကိုပေါက်၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်သူများဖြစ်သည့် ညိုမင်း၊ ဂျွန်ကိုကို(ခ)ဂျွန်ကို၊ ထွန်းရီ နှင့် အလုပ်သမားများကို မလေးရှားနိုင်ငံသို့တရားမဝင်ပို့ဆောင်ပေးသူများဖြစ်သည့် စန်းဝင်း(ခ)ရဖီးနှင့် သန့်ဇင်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများဆက်လက် ဆောင်ရွက်နေပြီး ဖမ်းဆီးရမိသူများကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီပြောခွင့်ရက ဆိုသည်။
#အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ #ပတ်စပို့အတု #စစ်ကောင်စီဖမ်းမိ #မြန်မာနိုင်ငံကူးလက်မှတ်