မဲဆောက်- ၂၀၂၅ ဇန်နဝါရီ (၈)
ထိုင်းနိုင်ငံမှတဆင့် လူကုန်ကူးခံရပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ် ကျားဖြန့်ဂိုဏ်းသို့ရောက်ရှိသွားသည့် တရုတ်မင်းသား Xingxing ခေါ် Wang Xing အား ငွေလိမ်ရန် လေ့ကျင့်ပေးခံရသည်ဟု ထွက်ဆိုပြောခဲ့ကြောင်း Khaosod English က ရေးသားသည်။
ရွှေကုက္ကိုလ်သို့ ရောက်ရှိနေသော ရက်ပိုင်းအတွင်း တရုတ်လူမျိုးများကို ပစ်မှတ်ထားသည့် လိမ်လည်စာတိုများ ရေးသားရန် လေ့ကျင့်စေခိုင်းခံရကြောင်း Wang Xing က ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
ဇန်နဝါရီ ၃ ရက်နေ့က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ Wang Xing ရောက်ရှိလာပြီးနောက် မဲဆောက်သို့ ပို့ဆောင်ခံရကာ တရားမဝင်နယ်စပ်မှတဆင့် ရွှေကုက္ကိုလ်သို့ လူကုန်ကူးခံပြီး ရောက်ရှိသွားခြင်းဖြစ်သည်။
Wang Xing လူကုန်ကူးခံရမှုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းထိခိုက်မှုကို ကာကွယ်ရန် ထိရောက်စွာ စီမံခန့်ခွဲရမည်ဟု ဝန်ကြီးချုပ် Shinawatra က ပြောဆိုထားသည်။
ထို့အပြင် တရုတ်နိုင်ငံသား အယောက် ၅၀ နှင့်အတူ ထိုင်းအာဏာပိုင်များက ဇန်နဝါရီ ၇ ရက်တွင် Wang Xing အား ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ငွေလိမ်လုပ်ငန်း သို့မဟုတ် ကျားဖြန်လုပ်ငန်းများ နာမည်ဆိုးဖြင့်ကျော်ကြားသည့် ရွှေကုက္ကိုလ်မြို့သည် ကရင်ပြည်နယ် မြဝတီမြို့ အရှေ့ဘက် ၁၅ မိုင်ခန့်တွင်တည်ရှိပြီး စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နှင့် တရုတ်ရာဇဝတ်ဂိုဏ်းများ ကြီးစိုးရာ မြို့လည်းဖြစ်သည်။
Photo- Wang Xing နှင့် ထိုင်းရဲတပ်ဖွဲ့ဝင်များ။