မုဒုံ-၂၀၂၅ ဇန်နဝါရီ (၇)
မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး မုဒုံ – သံဖြူဇရပ် ကားလမ်းတွင် မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၅) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်က အဆိုပါ မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး မုဒုံ – သံဖြူဇရပ်ကားလမ်းပေါ်တွင် မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် မန္တလာမင်းခရီးသည်တင်ကားအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ တားဆီးခဲ့ပြီးနောက် ခရီးသည်တင်ကားပေါ်လိုက်ပါလာကြသည့် ခရီးသည်များအား ကားပေါ်မှဆင်းခိုင်းခဲ့ပြီးနောက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်အတူ ခရီးသည်တင်ကားအား ကွမ်လှာကျေးရွာဘက်သို့ မောင်းနှင်သွားသည်ဟု သိရကြောင်း ယင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ခရီးသည်ကားမှာက GPS ပါတော့ ကားကိုရှာတဲ့အခါမှာ ကွမ်လှာကျေးရွာသင်္ချိုင်းအနီးမှာတွေ့ရလို့ မနေ့ (ဇန်နဝါရီလ (၆) ရက်နေ့) မနက် (၁) နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ သေနတ်ပစ်ဖေါက်ပြီးတော့ ဝင်ရောက်စီးနင်းတဲ့အခါမှာ ခရီးသည်တင်ကားကိုတော့ ပြန်ရတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုတော့ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
မန္တလာမင်းခရီးသည်တင်ကားအား ကွမ်လှာသင်္ချိုင်းမှ မုဒုံမြို့မရဲစခန်းသို့ ပြန်လည်မောင်းနှင်လာခဲ့ကြောင်း နှင့် ခရီးသည်တင်ကားအောက်ဘောက်စ်ရှိ ခရီးသည်များ၏ ကုန်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မုဒုံမြို့မရဲစခန်းမှ သံဖြူဇရပ်မြို့ရှိ မန္တလာမင်းကားဂိတ်သို့ ပို့ဆောင်ပေးလာကြောင်း ၎င်းကဆိုသည်။
မန္တလာမင်းခရီးသည်တင်ကားပေါ်တွင် စာရင်းအရ သံဖြူဇရပ်မြို့သို့လိုက်ပါလာသည့် ခရီးသည် (၈) ဦးနှင့် လမ်းမှတက်လာသည့် ခရီးသည် (၂) ဦးခန့် စုစုပေါင်း (၁၀) ဦးခန့်လိုက်ပါလာသည်ဟုသိရကြောင်း၊ ခရီးသည်များမှာ သံဖြူဇရပ်မြို့ဘက်သို့ ခြေလျင်လျှောက်လာခဲ့ကြရကြောင်း နှင့် ခရီးသည်များ၏ လက်နက်ကိုင်ဖုန်းများ နှင့် ပိုက်ဆံအိတ်များကိုလည်း လက်နက်ကိုင်အဖွဲ့မှယူဆောင်သွားခြင်းမရှိကြောင်း သိရသည်။
အဆိုပါ မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းဖြစ်သူ နှင့် ယာဉ်နောက်လိုက်တို့မှာ ယနေ့ ဇန်နဝါရီလ (၇) ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်းလည်း ယင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
See insights and ads
All reactions:
4343