မဲဆောက်-၂၀၂၅ ဇန်နဝါရီ (၇)
ထိုင်းမြန်မာနယ်ခြား၌ ပျောက်ဆုံးနေသော တရုတ် ရုပ်ရှင်မင်းသား Wang Xing ခေါ် Xingxing ကို မြန်မာနယ်စပ်၌ ရှာဖွေတွေ့ရှိပြီဖြစ်သည့်အတွက် ထိုင်းရဲချုပ် Thatchai Pitaneelabutr ကိုယ်တိုင်သွားခေါ်နေကြောင်း ထိုင်းနိုင်ငံထုတ် Khaosod က သတင်းဖေါ်သည်။
ဆံပင်ကတုံးရိပ်ထားသည့် Xingxing ၏ ပုံကိုဖေါ်ပြထားသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ရှာတွေ့ခဲ့ပြီး မည်သို့ပျောက်ဆုံးခဲ့သည်ဆိုသော အသေးစိတ်သတင်းကို ဖေါ်ပြခြင်း မရှိပါ။
သို့ရာတွင် ကရင်လက်နက်ကိုင်အဖွဲ့အချို့ ထိန်းချုပ်ထားသည့် မြဝတီမြို့နယ်ရှိ KK Park ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနေရာအနီးတဝိုက်၌ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
CCTV လုံခြုံရေးကင်မရာမှတ်တမ်းများအရ မဲဆောက်မြို့တောင်ဘက် Ban Mae Konken မှ မြန်မာနိုင်ငံထဲ ဝင်သွားခဲ့သည်ကိုမြင်တွေ့ရပြီး Xingxing ပျောက်ဆုံးသွားခြင်းဖြစ်ကြောင် Tak ခရိုင် အာဏာပိုင်အတည်ပြု ပြောဆိုချက်ကို ဘန်ကောက်ပို့စ် သတင်းစာက ရေးထားသည်။
Xingxing ကို သရုပ်ဆောင်ရန်အတွက် အဖွဲ့တဖွဲ့က ကမ်းလှမ်းမှုဖြင့် ထိုင်းနိုင်ငံသို့ ဇန်နဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနယ်စပ်တစ်နေရာတွင် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေသည့်အကြောင်း သူ၏ချစ်သူ Jia Jia က အကူအညီတောင်းခဲ့ရာမှ တရုတ်သတင်းစာများနှင့် လူမှုကွန်ယက်စာမျက်နှာတွင် အထူးသတင်းတပုဒ်အဖြစ် ဖော်ပြခံရပြီး တရုတ်၊ ထိုင်းနှင့် မြန်မာအစိုးရတို့က အရေးတယူကိုင်တွယ်ခဲ့ရသည့် ဖြစ်စဥ်ဖြစ်လာသည်။
Photo- Khaosod English.