ဘန်ကောက်-၂၀၂၅ ဇန်နဝါရီ (၈)
ထိုင်းကို လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံသားများအနေဖြင့် လူမှောင်ခိုဂိုဏ်းများ၏ ပစ်မှတ်ဖြစ်လာနိုင်သဖြင့် လုံခြုံရေးကို စိတ်မချရကြောင်း အွန်လိုင်းများမှ ဝေဖန်ထောက်ပြနေသည့်ကြားကပင် လတ်တလောဖြစ်ပေါ်ခဲ့သော တရုတ်မင်းသား Wang Xing လူကုန်ကူးခံရမှုဖြစ်စဥ်က စိုးရိမ်မှုများကို ပိုပြီးဆိုးရွားလာစေကြောင်း ထိုင်းသတင်းများက ဝေဖန်ရေးသားကြသည်။
တရုတ်မင်းသား Wang Xing ၏ လူကုန်ကူးခံရမှုဖြစ်စဥ်က ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားများအဖို့ အန္တရယ်ရှိနေပြီကို ဖော်ပြနေသောကြောင့် ကျားဖြန့်လိမ်လည်ဂိုဏ်းများကို ထိထိရောက်ရောက်အရေးယူပေးရန် ထိုင်းနိုင်ငံရေးအတိုက်အခံတွေက တောင်းဆိုပြောဆိုနေကြသည်။
ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် လူမှောင်ခို လုပ်ငန်းများအား ကိုင်တွယ်ရာတွင် အခက်အခဲများစွာရှိနေဆဲ ဆိုသည်ကို အထင်အရှား မြင်သာစေခဲ့သလို ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေနိုင်သောကြောင့် လိုအပ်သည့် စီမံတုံ့ပြန်မှုများ အရေးတကြီး ဆောင်ရွက်ဖို့ ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာနကို ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။
Wang Xing အမှုနှင့်ပါတ်သက်၍ ဆက်နွယ်နေသည့် လူကုန်ကူးဂိုဏ်းများကို တရုပ်နှင့်ထိုင်းအာဏာပိုင်များ ပူးပေါင်း စုံးစမ်းစစ်ဆေး အရေးယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။
ပြည်တွင်းလုံခြုံရေး လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသူ ရန်ဆင်မန်ရုမ်းက နယ်စပ်ရေးရာ လုံခြုံရေး အစီအမံများ ပိုမိုတင်းကျပ်သင့်ကြောင်း တောင်းဆိုလိုက်ပြီး လူကုန်ကူးမှုများနှင့် နယ်စပ်လုံခြုံရေး ကဏ္ဍအကြောင်း မနက်ဖန် ဇန်နဝါရီ ၉ ရက်တွင် ဆွေးနွေးသွားမည်ဟု သိရသည်။
ဗီဇာကင်းလွတ်ခွင့်ဖြင့် တရုတ် ကမ္ဘာလှည့် ခရီးသည်များကို ဆက်လက် ဆွဲဆောင်နိုင်ရန် ဝန်ကြီးချုပ် ဖေထောင်ထန်က ကြိုးစားရင်း ယမန်နှစ် ၂၀၂၄ ခုနှစ်က တရုတ် ကမ္ဘာလှည့် ခရီးသွား ၆.၇ သန်းခန့် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့သလို လုံခြုံရေး အစီအမံများ တိုးမြှင့်ရန်ကြိုးစားလျက်ရှိကြောင်း သိရသည်။
Photo-တရုတ်မင်းသားကို ထိုင်းရဲများကယ်တင်ခဲ့အပြီး တွေ့ရစဥ်။