ဘန်ကောက်- ၂၀၂၅ ဇန်နဝါရီ (၆)
ဘန်ကောက်မြို့သို့ ရုပ်ရှင်ရိုက်ကူးရန် ရောက်ရှိလာသော တရုတ်မင်းသား Xingxing (Wang Xing) သည် ပြီးခဲ့သော သောကြာနေ့က ရိုက်ကူးရေးဖွင့်ပွဲသို့ မော်တော်ကားဖြင့် သွားရောက်နေစဥ် GPS ခြေရာခံစနစ်လမ်းကြောင်းမှ သွေဖည်သွားပြီးနောက် မြန်မာ-ထိုင်းနယ်စပ်အနီးတွင် ပျောက်ဆုံးနေကြောင်း သိရသည်။
အဖွဲ့တဖွဲ့က ကမ်းလှမ်းမှုဖြင် ထိုင်းနိုင်ငံသို့ ရုပ်ရှင်ရိုက်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး Xingxing နှင့် နာရီ ၆၀ ကျော်ကြာ အဆက်အသွယ် ပြတ်တောက်နေကြောင်း ၎င်း၏ ချစ်သူ Jiajia က Sina Weibo တရုတ်လူမှုကွန်ရက်တွင် လွန်ခဲ့သည့်တနင်္ဂနွေညက ဖော်ပြခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ထိပ်တန်းသတင်းတပုဒ် ဖြစ်လာခဲ့သည်။
Xingxing သည် Fox Spirit Matchmaker: Red-Moon Pact၊ The Tale of Rose နှင့် Under The Skin စသည့် တရုတ်ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးမင်းသားတဦးဖြစ်ပြီး ၎င်း ပျောက်ဆုံးနေမှုသတင်းသည် တရုတ်ရုပ်ရှင်လောက၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းပို့တိုင်ကြားမှုအား လက်ခံရရှိ ထားသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း အဆိုပါကိစ္စကို အရေးကြီးကိစ္စအဖြစ် သတ်မှတ်၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တရုတ်သတင်းများက ဖော်ပြလျက်ရှိသည်။
အလားတူ ထိုင်းနိုင်ငံကို ခရီးသွားအဖြစ်ရောက်ရှိလာခဲ့သော ထိုင်ဝမ်နိုင်ငံသား ပရော်ဖက်ရှင်နယ် မီးအလှပြအကသမား Hsieh ဆိုသူကို အုပ်စုတစ်ခုက ပြန်ပေးဆွဲသွားပြီး မိသားစုထံမှ ပြန်ပေးငွေ တောင်းဆိုနေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အသက် ၂၇ နှစ်ရှိသော အဆိုပါ ထိုင်ဝမ်နိုင်ငံသားအား မိသားစုက နောက်ဆုံး ဆက်သွယ်ရရှိခဲ့သည့် တည်နေရာမှာ မြန်မာနိုင်ငံအတွင်းတည်နေရာဖြစ်ပြီး Hsieh မိသားစုထံကို အမေရိကန်ဒေါ်လာ သိန်းချီပေးရန် ကျားဖြန့်ရာဇဝတ်ဂိုဏ်းက ပြန်ပေးငွေတောင်းခံထားကြောင်း ထိုင်ဝမ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။
#တရုတ်မင်းသား #Xingxing #မြန်မာ-ထိုင်းနယ်စပ်အနီး #ပျောက်ဆုံးနေ #Hsieh