မော်လမြိုင်၊ ၂၀၂၅ ဇန်နဝါရီ(၅)
စစ်ကောင်စီက အမိန့်အမှတ် (၄/၂၀၂၅)ဖြင့် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် ထိုင်းနိုင်ငံသားအကျဉ်းသား ၁၅၁ ဦးအပါအဝင် နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ဦးကို ဇန်နဝါရီလ ၄ ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ကော့သောင်းခရိုင်တွင် ဖမ်းဆီးခံထားရသော ထိုင်းရေလုပ်သား ၄ ဦး မပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသားအကျဉ်းသားများကို တာချီလိတ်မြို့မှတဆင့် ချင်းရိုင်ခရိုင်ရှိ မယ်ဆိုင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုပြန်လွတ်ပေးခဲ့သည့် ထိုင်းအမျိုးသား ၇၄ ဦးနှင့် အမျိုးသမီး ၇၇ ဦးတို့မှာ တာချိလိတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ကာစီနိုလောင်းကစားပြုလုပ်သည့်နေရာများတွင် ပါဝင်ခဲ့မှုကြောင့် ၂၀၂၄ ခုနှစ်စပိုင်းက ထောင်ဒဏ် ၂ နှစ် ကျခံနေရသူများဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်ကောင်း အဆိုပါနိုင်ငံခြားသားအကျဉ်းသားများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နာက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ကာ ပြစ်ဒဏ်ကျခံနေရသည့် ပြည်တွင်းပြည်ပအကျဉ်းသူ၊အကျဉ်းသားစုစုပေါင်း ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်၊ စနေနေ့က မြန်မာရေပိုင်နက်ထဲဝင်ရောက်ခဲ့သည့် ထိုင်းငါးဖမ်း စက်လှေများမှ ရေလုပ်သား ၃၁ ယောက်အနက် ထိုင်းနိုင်ငံသား ၄ ဦး ဖမ်းဆီးခံထားရပြီး ၄င်းတို့ကို ပြန်လွှတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှီနာဝပ် Paetongtarn Shinawatra အစိုးရက တောင်းဆိုထားသည်။
#အမိန့်အမှတ် (၄/၂၀၂၅)
#ထိုင်းနိုင်ငံသားအကျဉ်းသား
#နိုင်ငံခြားသားအကျဉ်းသား
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်
#ထိုင်းရေလုပ်သားမပါဝင်