ထားဝယ်- ၂၀၂၅ ဇန်နဝါရီ (၅)
တနသႅာရီတိုင်းရှိ တပ်မဟာ (၄) နယ်မြေအတွင်း ကရင်လက်နက်ကိုင်အချင်းချင်း လုပ်ကြံပစ်ခတ်သောကြောင့် KNU တပ်မဟာ (၄) ဒုတပ်ခွဲမှူးတစ်ဦး ထပ်မံသေဆုံး ဒုတပ်ခွဲမှူးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၃) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်ခန့်က ထားဝယ်ခရိုင် အရှေ့တောဒေသ၊ ထားဝယ် – မေတ္တာ – ထီးခီးလမ်း ဝါးတောရွာအနီးတွင် KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) မှ ဒုတပ်ခွဲမှူး နှင့် ရဲဘော် (၉) ဦးလိုက်ပါလာသည့် ကားအား ကော်သူးလေတပ်မတော် (KTLA) မှ လုပ်ကြံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လုပ်ကြံပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) (တပ်ခွဲ – ၁) မှ ဒုတပ်ခွဲမှူး စောလားဒို ကျဆုံးခဲ့သည့်အပြင်၊ ရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အခြား ရဲဘော် (၂) ဦးမှာလည်း ပျောက်ဆုံးနေကြောင်း KNU တပ်မဟာ (၄) မှ တာဝန်ရှိသူတစ်ဦးပြောကြားထားသည်။
KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) မှ ကားအား လုပ်ကြံပစ်ခတ်ခဲ့သည့် ကော်သူးလေတပ်မတော် (KTLA) မှ ကော်လာဖိုး ဆိုသူမှာ တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် ဆာကဆေတပ်မ မှ တပ်ရင်းမှူး ဗိုလ်အယ်ခွီးဖြစ်ကြောင်းလည်း KNU တပ်မဟာ (၄) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုသို့ လုပ်ကြံပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိဘဲ၊ KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်နှင့် ကော်သူးလေတပ်မတော် (KTLA) တို့ လှုပ်ရှားနေသည့်ဒေသဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ယင်း ဇန်နဝါရီလ (၃) ရက်နေ့ လုပ်ကြံပစ်ခတ်မှုအပြီးတွင်လည်း ထားဝယ် – မေတ္တာ – ထီးခီးလမ်းပေါ်ရှိသည့် ဆင်ဖြူတိုင်ရွာအနီးတွင် အရပ်သားကားတစ်စီးကိုလည်း ကော်သူးလေတပ်မတော် (KTLA) မှ မီးရှို့ဖျက်ဆီးသွားခဲ့သေးကြောင်းလည်း KNU တပ်မဟာ (၄) မှ တာဝန်ရှိသူက ဆိုထားသည်။
KNU တပ်မဟာ (၄) နှင့် ကော်သူးလေတပ်မတော် (KTLA) တို့မှာ ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ကာ ထားဝယ်ခရိုင် အရှေ့တောဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရာ၊ (၂၀၂၃) ခုနှစ် ဇူလိုင်လအတွင်းက KTLA ဘက်မှ ပစ်ခတ်မှုကြောင့် KNLA မှ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီ ကျဆုံးခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့၊ ညနေပိုင်းအချိန်က KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၂) (တပ်ခွဲ – ၄) မှ ဒုတပ်ခွဲမှူးဖြစ်သူ အသက် (၅၀)နှစ်ခန့်အရွယ် စောဖားဂျိုး မှာ အညာဖျားကျေးရွာဘက်တွင် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားလာနေစဉ် KTLA မှ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံခဲ့သည့်အတွက်ကြောင့်၊ KNU တပ်မဟာ (၄) မှ လက်တုံ့ပြန်သည့်အနေဖြင့် အရှေ့တောဒေသအတွင်းရှိ KTLA ၏ တပ်စခန်း (၅) ခုထက်မနည်းအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် နှင့် KTLA မှ တပ်ဖွဲ့ မှ ရဲဘော် (၁၄) ဦးကိုလည်း KNU တပ်မဟာ (၄) မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အပြင်၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းထားကြောင်း သိရသည်။
#KNU တပ်မဟာ (၄)
#KTLA
#KawaoNewsgroup