မော်လမြိုင်- ၂၀၂၅ ဇန်နဝါရီ (၄)
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ (၁၆၆) ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြောင်း သိရသည်။
ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၁၂) ဦးနှင့် အကျဉ်းသူ (၂) ဦးသာ လွတ်မြောက်လာပြီး၊ ၎င်းတို့အနက် ပုဒ်မ – ၅၀၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား (၃) ဦးနှင့် အကျဉ်းသူ (၂) ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
“ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ အကျဉ်းသား (၁၂) ဦးနဲ့ အကျဉ်းသူ (၂) ဦးတည်း ပြန်လည်လွတ်မြောက်လာပါတယ်။ ပုဒ်မ – ၅၀၅ သမား (၅) ဦးတည်းပါလာတယ်” ၎င်းတို့၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထို့အတူ သထုံအကျဉ်းထောင်မှ အကျဉ်းသား (၃၆) ဦး၊ ရင်းငြိမ်အလုပ်စခန်းမှ အကျဉ်းသား (၂၆) ဦး၊ ဇင်းကျိုက်အလုပ်စခန်းမှ အကျဉ်းသား (၁၈) ဦး၊ အင်းဗြောင်အလုပ်စခန်း မှ အကျဉ်းသား(၈) ဦးလည်း လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် လွတ်မြောက်လာကြောင်း သိရသည်။
အလားတူ မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား (၅၉) ဦးနှင့် အကျဉ်းသူ (၅) ဦးတို့လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့၌ အကျဉ်းသား/သူ (၅၈၆၄) ဦးကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီမှ ယနေ့နံနက်ပိုင်းအချိန်က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ မှ အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရမှုများမှ အကျဉ်းသား/သူ (၅၈၆၄) ဦးအား လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နှင့် လွတ်ငြိမ်းခွင့်ပြုရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။