မော်လမြိုင်၊ ၂၀၂၅ ဇန်နဝါရီ(၅)
မွန်ပြည်နယ်အတွင်း ပညာရေးစုံညီပွဲတော်များကျင်းပရာတွင် စည်ကားသိုက်မြိုက်စွာပြုလုပ်ရန် စစ်ကောင်စီပညာရေးဌာနက ညွှန်ကြားခဲ့သော်လည်း ငွေကြေးလုံလောက်စွာ ထောက်ပံ့ပေးခြင်းမရှိသောကြောင့် သက်ဆိုင်ရာပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအခက်တွေ့နေကြောင်း သိရသည်။
ကျောင်းအလိုက် ပညာရေးစုံညီပွဲတော်ကျင်းပရာတွင် ယနေ့ခေတ်ကုန်ဈေးနှုန်းအခြေအနေအရ ငွေကျပ် သိန်း ၃၀ မှ ၅၀ ကျော်အထိ ကုန်ကျနေပြီး ပညာရေးဌာနမှ ကုန်ကျငွေသတ်မှတ်ချထားပေးရာတွင် ဆုချီးမြှင့်ခြင်းနှင့် ဆုတံဆိပ်များဝယ်ယူရန်အတွက်သာလုံလောက်ပြီး စည်ကားအောင်ပြုလုပ်ရန် အခမ်းအနားနှင့် အခြားကုန်ကျစရိတ်များအတွက် မိဘများထံက မဖြစ်မနေအလှူခံရသည့်အတွက် နိုင်ငံရေးအခြေအနေနှင့် လက်ရှိစီးပွားရေးကြပ်တည်းမှုများကြောင့် အခက်တွေ့နေရကြောင်း ကျောင်းအုပ်ဆရာကြီးများက ပြောကြားသည်။
” စည်ကားအောင်လုပ်ခိုင်းတယ်၊ ငွေလိုရင် မိဘနဲ့ အကျိုးတော်ဆောင်တွေဆီကနေ လိမ္မာပါးနပ်စွာတောင်းဖို့ ပြောတယ်၊ သတင်းတွေထွက်ရင်လည်း အရေးယူခံရမယ်၊ နောက် အခြားတော်လှန်ရေးအဖွဲ့တွေဆီသတင်ရောက်ရင်လည်း ခြိမ်းခြောက်ခံရဦးမယ္၊ သူတို့က ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားနေအောင်လုပ်စေချင်ကြတော့ ကျောင်းအုပ်တွေအခက်တွေ့တယ်၊ ငွေရှားတဲ့ဒေသကကျောင်းတွေကကျောင်းအုပ်တွေဆို ခေါင်းမီးတောက်တယ်၊ ဌာနကလက်လှမ်းမမှီတဲ့ကျောင်းတွေတော့ အရပ်နဲ့ညှိပြီး အဆင်ပြေအောင်တော့ ဟန်ပြလုပ်လိုက်တာပဲ ” ဟု အမည်မဖော်လိုသော အထက်တန်း ကျောင်းအုပ်တစ်ဦးက ပြောကြားသည်။
ကျောင်း၏တိုးတက်အောင်မြင်မှုနှင့် မိဘဆရာရင်းနှီးမှုရရှိပြီး ကျောင်းဖွံ့ဖြိုးမှုပူးပေါင်းပါဝင်လာစေရန်နှင့် မိဘဆရာကျောင်းသားပူးပေါင်းမှုဖြင့် ပညာရေးတိုးတက်အောင်မြင်စေရန်ရည်ရွယ်ချက်ဖြင့် ပညာရေးစုံညီပွဲတော်ကျင်းပရမည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ဖျော်ဖြေရေးဖြင့်သာ လုပ်ဆောင်နေကြသည့်အတွက် ရည်ရွယ်ချက်နှင့်ကွဲလွဲနေကြောင်း ကျောင်းအကျိုးတော်ဆောင်များနှင့် အငြိမ်းစား ပညာရေးရေးဝန်ထမ်းများက ထောက်ပြကြသည်။
” ဆုချီးမြှင့်တာကထားလိုက်တော့၊ ကျောင်းရဲ့စွမ်းရည်တိုးတက်မှုကျောင်းသားတွေရဲ့ထူးချွန်မှု၊ စွမ်းရည်တွေ၊ ဒါတွေကို အဓိကထားပြရမှာ၊ ဒါမှလည်း မိဘတွေပိုပူးပေါင်းပါဝင်လာမှာ၊ ခုဖြစ်နေတာက လူကြီးလာရင်ဧည့်ခံစရိတ်၊ အခမ်းအနားနဲ့ဖျော်ဖြေရေး မိဘတွေဆို အလှူငွေထည့်တားနဲ့ ဝတ်စုံဖိုးနဲ့ သိန်းချီ အချို့ဆို ၂ သိန်းလောက်ကုန်တယ်၊ ဓါတ်ပုံဖိုးတွေရောဆို မလိုလားအပ်ပဲ ခုခေတ်အနေနဲ့ဆိုအများကြီးကုန်တာ၊ လွဲတာတော့ အတော့်ကိုလွဲ နေပေမယ့် စစ်ကောင်စီက တိုင်းပြည်ကြီးက အေးချမ်းနေတယ်၊ ပျော်ရွှင်နေတယ် ဒါကိုပြချင်နေတာနဲ့ပဲ အောက်ကလူတွေက ရင်နာနာနဲ့ ကြောက်ကြောက်နဲ့ လုပ်နေရသလိုဖြစ်နေတယ် ” ဟု အငြိမ်းစား အထက်တန်းပြတစ်ဦးက ပြောကြားသည်။
ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရေးအတွက် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ် ဇန်နဝါရီ ၃ ရက်ကို ပညာရေးစုံညီပွဲတော်နေ့အဖြစ် သတ်မှတ်ပြီး ဆုချီးမြှင့်ပွဲ၊ စွမ်းရည်ပြပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို တစ်နိုင်ငံလုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း၊ ကျောင်းသားလူငယ်များကို ကျောင်းသင်ဘာသာရပ်အပြင် လူတော်လူကောင်းတစ်ဦးအနေဖြင့် ဘဝတွင် ကြုံတွေ့ရမည့် ပြောဆိုဆက်သွယ်မှု၊ စီမံခန့်ခွဲမှု၊ လူမှုရေးတာဝန် သိတတ်ကျေပွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာဖြေရှင်းတတ်မှု၊ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်မှုစသည်တို့ကို ကျောင်းတွင်းလုပ်ငန်းများနှင့် လေ့ကျင့်ပေးကြောင်း သိရသည်။
Photo-စုံညီပွဲတော် (ပုံအဟောင်း)