ကျိုက်ထို-၂၀၂၅ ဇန်နဝါရီ (၅) ကျိုက်ထိုမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန၏ ကုန်ထုတ်စခန်းများမှ အကျဉ်းသား/အကျဉ်းသူ (၈၈) ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာရှိ မုပ္ပလင် (အမျိုးသား) ကုန်ထုတ်စခန်းမှ အကျဉ်းသား (၃၇) ဦး နှင့် အကျဉ်းသူ (၄၃) ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်သွားသည့်အပြင်၊ အင်္ဂဘိုကျေးရွာရှိ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေးစခန်း (ရွှေဖြူ) မှ အကျဉ်းသား (၈) ဦး၊ စုစုပေါင်း (၈၈) ဦး မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ခဲ့တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆုံးမစကားတွေ ပြောကြားပြီးတော့၊ ထောင်လွတ်လက်မှတ်နဲ့အတူ စားစရိတ်၊ ခရီးစရိတ်တွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်ခဲ့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ က မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား (၅၉) ဦးနှင့် အကျဉ်းသူ (၅) ဦးတို့လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ထို့အတူ သထုံအကျဉ်းထောင်မှ အကျဉ်းသား (၃၆) ဦး၊ ပေါင်မြို့နယ်အတွင်းရှိ ရင်းငြိမ်အလုပ်စခန်းမှ အကျဉ်းသား (၂၆) ဦး၊ ဇင်းကျိုက်အလုပ်စခန်းမှ အကျဉ်းသား (၁၈) ဦး၊ အင်းဗြောင်အလုပ်စခန်း မှ အကျဉ်းသား(၈) ဦးလည်း ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် လွတ်မြောက်လာကြောင်း သိရသည်။ ထို့အပြင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၁၂) ဦးနှင့် အကျဉ်းသူ (၂) ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် ပုဒ်မ – ၅၀၅ ဖြင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား (၃) ဦးနှင့် အကျဉ်းသူ (၂) ဦး ပါဝင်လာခဲ့ကြောင်း သိရသည်။
(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့၌ အကျဉ်းသား/သူ (၅၈၆၄) ဦးကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီမှ ယနေ့နံနက်ပိုင်းအချိန်က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ မှ အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရမှုများမှ အကျဉ်းသား/သူ (၅၈၆၄) ဦးအား လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နှင့် လွတ်ငြိမ်းခွင့်ပြုရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ကျိုက်ထိုမြို့နယ်
#အကျဉ်းဦးစီးဌာန
#အကျဉ်းသား/အကျဉ်းသူ
#လွတ်ငြိမ်းချမ်းသာခွင့်
#Kawaonewsgroup