လင်းယုန် သစ်လွင်
(သေမန်းတမန်ရထားလမ်း ခေါ် ထိုင်းမြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်းမှ ကောက်နုတ်ဖော်ပြသည်- အယ်ဒီတာ)
ကျွန်တော်တို့ချွေးတပ်သားများသည် မော်လမြိုင်မှတစ်ဆင့် သံဖြူဇရပ်ချွေးတပ်စခန်းမကြီးသို့ ရောက်ရှိ ခဲ့ကြလေသည်။ သံဖြူဇရပ်ချွေးတပ်စခန်းသည် ယိုးဒယား-မြန်မာရထားလမ်း, ကားလမ်းဖောက်လုပ်ရာ၌ အရေး အပါဆုံးနှင့် အကြီးမားဆုံးဖြစ်သည့် ချွေးတပ်စခန်းတစ်ခု ဖြစ်လေသည်။
ဂျပန်များသည် ယိုးဒယား-မြန်မာမီးရထားလမ်းကြီးကို ဖောက်လုပ်ခြင်းပြုရာ၌ ဦးစွာပထမ ကားလမ်း တစ်ခုကိုဖောက်လုပ်ခြင်း ပြုလေသည်။ ပြီးမှ မီးရထားလမ်းကိုဖောက်လုပ်ခြင်း ဖြစ်သည်။ ကားလမ်းသည် ကတ္တရာစေးခင်းလမ်းလည်း မဟုတ်။ ကျောက်ခင်းလမ်းလည်း မဟုတ်ပေ။ မြေပြင်လမ်းတစ်ခုသာ ဖြစ်လေသည်။
သို့ရာတွင် ထိုလမ်းခရီးတစ်လျှောက်ရှိ မြေများသည် အတော်အတန်မာကျောသော မြေများဖြစ်ရုံမျှမက၊ အချို့နေရာများဆိုပါလျှင် ကျောက်သားကျောက်တုံးများ ရောပြွမ်းနေသောမြေအမျိုးအစား ဖြစ်လေသည်။ ထို့ကြောင့်ပင် ကားလမ်းမှာ ကတ္တရားစေးခင်း ကျောက်ခင်းလမ်းမဟုတ်သည့်တိုင် ကားများမောင်းနှင် သွားလာခြင်း ပြုနိုင်ပေသည်။
သံဖြူဇရပ်ချွေးတပ်စခန်းသည် သံဖြူဇရပ်မြို့အနီးတွင် ရှိလေသည်။ မီးရထားလမ်း၏အနောက်ဘက် ခရီး ၂ ဖာလုံခန့်အကွာ ဟု ခန့်မှန်းရလေသည်။ ထိုနေရာ, ထိုဒေသသည် တနင်္သာရီတိုင်းအတွင်း အပါအဝင်ဖြစ်လေ သည်။ ရာသီဥတုမှာလည်း မိုးဦးကျအချိန်ဖြစ်သောကြောင့် အမြဲတမ်း ရီဝေမှုန်မှိုင်းလျက် စိုစွတ်အေးမြလှသော အနေအထားမျိုး ဖြစ်လေသည်။
ရထားဆိုက်သည်ဆိုလျှင်ပင် ကျွန်တော်တို့ချွေးတပ်သားများသည် ရထားတွဲများပေါ်မှ အလုအယက်တိုးဝှေ့ ဆင်းသက်ကြလေသည်။ ခရီးတစ်လျှောက်လုံးတွင် ကျဉ်းကျဉ်းကျပ်ကျပ် စီးနင်းလိုက်ပါခဲ့ရသောကြောင့် ကျင်ကြီး, ကျင်ငယ်ကိစ္စအတွက် ရထားလမ်းဘေးသစ်ပင်ကြီးများရှိရာသို့ ဝင်ပြေးသူပြေး, တောစပ်ရှိရာသို့ သွားထိုင်သူထိုင် ဖြစ်လိုက်ကြလေသည်။
ထိုအတွင်းကပင် ဂျပန်စစ်သားများ၏ အော်ဟစ်ဆဲဆိုသံ, ထုသံရိုက်သံ, စစ်ဖိနပ်နှင့် ကန်ကြောက်သံများ ပေါ်ထွက်လာသည်။ ချွေးတပ်သားများ၏ ရုတ်ရုတ်သဲသဲဖြစ်သံနှင့် ဆူညံပြေးလွှားသံများကိုလည်း ကြားလိုက် မြင်လိုက်ရလေသည်။
ကျွန်တော်သည် ရထားတွဲပေါ်မှ ဆင်းသက်ခဲ့ပြီးနောက် ထိုအဖြစ်ကို လှမ်းကြည့်လိုက်သည်။ ဂျပန်စစ်သားများသည် မီးရထားသံလမ်းဘေးကို ရိုင်ဖယ်ကိုယ်စီ, တုတ်ကိုယ်စီနှင့် ၂ ဘက်ညှပ်လျက် ဝိုင်းပတ်ထားလေသည်။ အချို့ဂျပန်စစ်သားများသည် တောစပ်သို့ပြေးသွားသော ချွေးတပ်သားများနှင့် သစ်ပင်ကြီး များအောက်တွင် ဝင်ရောက်ကျင်ငယ်စွန့်နေသော ချွေးတပ်သားများအား တဘုံးဘုံးတဖြန်းဖြန်းထုရိုက်၍ လည်းကောင်း. ကုပ်ပိုးမှဆွဲ၍ လည်းကောင်း မီးရထားလမ်းဘေးသို့ ခေါ်ဆောင်လာသည်။
ထို့ကြောင့်လည်း ချွေးတပ်သားအတော် များများတို့ပင် ကျင်ကြီးကျင်ငယ်စွန့်သည့်ကိစ္စကို ပြီးဆုံးအောင် မပြုရတော့ဘဲ၊ ဂျပန်စစ်သားများဆွဲရာနောက်သို့ ယက်ကန်ယက်ကန် ပါလာလေတော့သည်။
“ဘိဓမာ- ဘိဓမာ။ အားလုံးရှိတကာ။ ထိုင်ပါ-ထိုင်ပါ” ဂျပန်စစ်ဗိုလ်ကလေးတစ်ယောက်သည် ကျွန်တော့်အင်္ကျီလက်မောင်းပေါ်က လက်ပတ်ကိုကြည့်လျက် ကျွန်တော့်… ကို လှမ်းခေါ်လေသည်။ လက်ဟန်ခြေဟန်ပြ၍လည်း “ချွေးတပ်သားအားလုံးကို တန်းစီ၍အထိုင်ခိုင်းပါ” ဟု ဆိုလေသည်။
“ဟိုက်။ မာစတာ၊ ဟိုက်” ကျွန်တော်သည် ဂျပန်စစ်ဗိုလ်အားလှမ်းပြောလိုက်ပြီးနောက် ဘွန်ထိုက်ချိုနှင့် ဟန်ချိုအားလုံးကိုလည်း ဟစ်အော်လျက်ခေါ်လိုက်ပါသည်။
ထိုမျှများပြားလှသော ချွေးတပ်သားလူအုပ်ကြီးကိုလည်း ကျွန်တော်တစ်ဦးတည်း ထိန်းသိမ်းကွပ်ကဲ၍ ရလိမ့်မည်မဟုတ်ချေ။ ပြီးလျှင် ချွေးတပ်သားများ ဖရိုဖရဲနှင့် အကွဲကွဲအပြားပြားဖြစ်နေသလောက် ဂျပန်စစ်သားများကလည်း တုတ်တဝင့်ဝင့် သေနတ်တကားကားနှင့် လိုက်လံရိုက်နှက်နေဦးမည်သာ ဖြစ်လေသည်။
“ဘွန်ထိုက်ချိုတွေ. ဟန်ချိုတွေ။ လာကြ လာကြ။ အားလုံး ဒီကိုလာကြဗျို့” ကျွန်တော်တို့သည် ဂျပန်စစ်ဗိုလ်နှင့်အတူ မီးရထားလမ်းဘေးရှိ သစ်ပင်တစ်ပင်အောက်တွင်ရပ်လျက် အော်ဟစ်ခြင်းပြုလိုက်ပါသည်။
ဘွန်ထိုက်ချို ကိုမောင်စိန်, ဟန်ချို ကိုချစ်တီး စသူများသည် ကျွန်တော့်အသံကြောင့် ဂျပန်စစ်ဗိုလ်နှင့် ကျွန်တော် ရှိရာသို့ အပြေးအလွှားရောက်လာကြလေသည်။ သူတို့ကလည်း လက်များကိုဝှေ့ယမ်းလျက် ကျွန်တော်ကဲ့သို့ပင် အော်ဟစ်ကြလေသည်။
ထိုအချိန်ထိအောက်ပင် ချွေးတပ်သားအချို့ နှင့် ဂျပန်စစ်သားများမှာ ထွေးထွေးရှုပ်ရှုပ်ဖြစ်နေဆဲ ရှိလေသည်။ ဂျပန်တွေကနောက်မှနေလျက် ဝါးရင်းတုတ်များနှင့် လိုက်လံရိုက်နှက်သည့်အခါ ချွေးတပ်သားအချို့မှာ ဟိုပြေး သည်ပြေး ဖြစ်နေတော့သည်။
သို့ရာတွင် ချွေးတပ်သားများမှာလည်း မီးရထားဝင်းအပြင်သို့ ထွက်ပြေးနိုင်ကြခြင်းတော့ မဟုတ်ပါ။ သေနတ်ကိုင်ဂျပန်စစ်သားများသည် မီးရထားဝင်းပတ်ပတ်လည်ကို ခပ်စိပ်စိပ်ဝိုင်းထားကြလေသည်။
သို့ရှိနေခိုက် ကျွန်တော်နှင့်အတူ ယှဉ်ရပ်နေသော ဂျပန်စစ်ဗိုလ်သည် သူ့ဂျပန်စစ်သားများအား တစ်စုံတစ်ရာ ကို အော်ဟစ်ပြောလိုက်လေသည်။ သူ့နည်းတူပင် ဂျပန်စစ်သား ၃-၄ ယောက်ကလည်း ဆင့်ကဲဆင့်ကဲအော်ဟစ် လိုက်ကြလေသည်။
ထိုအခါမှ ချွေးတပ်သားများအား လိုက်လံရိုက်နှက်နေသောဂျပန်စစ်သားများမှာလည်း အရိုက်အနှက် ရပ်တန့်သွားလေသည်။ မကြာမီ ဘွန်ထိုက်ချိုနှင့် ဟန်ချို ၂ဝ လောက်မှာလည်း သစ်ပင်ကြီးအောက်သို့ စုရုံးရောက်ရှိ လာကြလေသည်။
ဂျပန်စစ်သားအချို့လည်း သူတို့စစ်ဗိုလ်အနီးတွင် ခြေစုံရပ်လျက်ရှိနေကြလေသည်။ သူတို့အထဲတွင် သေနတ်မကိုင်ဘဲ ဝါးစိမ်းတုတ်တစ်ချောင်းကိုကိုင်ထားသော အသက် ၁၃-၄ နှစ်အရွယ် ဂျပန်ကလေးတစ်ယောက် ပါရှိလာသည်ကိုလည်း ကျွန်တော် သတိပြုလိုက်မိပါသည်။
ရုတ်တရက်သော် ကျွန်တော်သည် အတော်အံ့သြခြင်းဖြစ်မိပါသည်။ ‘အင်မတန်ငယ်ရွယ်သော ထိုဂျပန် ကလေးသည် ဂျပန်စစ်ဗိုလ်၏သားကလေးများပေလေား သို့မဟုတ် စစ်ထဲသို့ပါလာသော စစ်သားကလေး တစ်ယောက်ပေလော’ဟူ၍ တွေးလိုက်မိခြင်းကြောင့် ဖြစ်လေသည်။
ထိုအခိုက် ဂျပန်စစ်ဗိုလ်သည် ထိုသူငယ်အား ဂျပန်ဘာသာစကားဖြင့် တစ်စုံတစ်ရာကို ပြောလိုက်လေသည်။ “ဒီမယ်-မာစတာက ပြောတယ်။ မင်းတို့လူတွေကို ၄ ယောက် ၁ တွဲ တန်းစီပြီး အထိုင်ခိုင်းပါတဲ့။ လူစစ်ပြီးရင် စခန်းရှိရာကို သွားကြရမယ်တဲ့”
ကျွန်တော်သည် ထိုစကားကိုကြား၊လိုက်ရမှ သူငယ်ကလေးမှာ ဂျပန်စစ်သားလိုဝတ်ဆင်ထားသော စကားပြန်ကလေးတစ်ယောက်ဖြစ်ကြောင်း သိရလေသည်။
ထိုသူငယ်က သူ့အဖေလောက်နီးနီးရှိသော ကျွန်တော် တို့ကို “မင်း’, ‘ငါ’ဟူသော အသုံးအနှုန်းနှင့် အကြောက်အလန့်မရှိ ပြောလေသည်။ သူ့စကားသံမှာ ခပ်ဝဲဝဲဖြစ်နေ သည်ကိုထောက်၍လည်း မွန်ကလေးတစ်ယောက်ဖြစ်ကြောင်း အကဲခတ်လိုက်မိသည်။
ထိုသူငယ်သည် ဂျပန် စစ်သားများနှင့် အတော်ပင် အနေကြာလာဟန်တူလေသည်။ သူ့ကိုကြည့်ရသည်မှာ ဆောင်ကြွားကြွား ညစ်ကျယ်ကျယ် ဖြစ်လေသည်။
“ကဲ- ဘွန်ထိုက်ချိုနှင့် ဟန်ချိုတွေ။ ခင်ဗျားတို့လူတွေကို ၄ ယောက် ၁ တွဲ တန်းစီပြီးအထိုင်ခိုင်၊ကြဗျား ခပ်မြန်မြန်လုပ်ကြဗျ။ အတော်ကြာရင် မိုးရွာလာလိမ့်မယ်” ကျွန်တော်က ပြောလိုက်သည်။ မကြာမီ ဘွန်ထိုက်ချိုနှင့် ဟန်ချိုများသည် သစ်ပင်အောက်မှ ထွက်သွားကြသည်။
သူတို့သည် ချွေးတပ်သားများအား လိုက်လံထိန်းသိမ်းခြင်းပြုကာ ၄ ယောက် ၁ တွဲကျ တန်းစီအထိုင် ခိုင်းလေသည်။ ချွေးတပ်စခန်းအသီးသီးတွင် ဂျပန်စစ်ဗိုလ်များ လက်သုံးတောင်ဝှေးပြုသည့် ထိုစကားပြန် လူငယ်ကလေးများမှာလည်း ၂ ယောက် ၃ ယောက် ရှိလေသည်။
သူတို့သည် မွန်ကလေးများနှင့် ကုလားဒိန်ကလေးများ ဖြစ်ကြသည်။ အသက်အရွယ်မှာလည်း ငယ်ရွယ်သူများ ဖြစ်ကြသည်။ သူတို့ကလည်း ချွေးတပ်စခန်းများတွင် တမှောင့်တဒုက္ခဖြစ်လေသည်။ စကားပြန်လူရိုင်းကလေးများသည် သူတို့အဖေလောက်, သူတို့အဖိုးလောက် အဖေအရွယ်လောက်ရှိသော ချွေးတပ်သားကြီးများအား ခြေထောက်နှင့် ကန်ကြောက်ခြင်း, မအေနှမ စသည်ဖြင့် ဆဲရေး တိုင်းထွာခြင်းစသည်များ ပြုတတ်ကြလေသည်။
အမှန်အားဖြင့် သူတို့သည် ဂျပန်များထံမှတစ်ဆင့် အတုမြင်အတတ်သင်သဘောမျိုး ဖြစ်ဟန်ရှိ လေသည်။ ချွေးတပ်သားခမျာများမှာမူ ဂျပန်ကိုလည်း ကြောက်ရသည်။ စခန်းမှူးစသူများကိုလည်း ကြောက်ရသည်။ ဘွန်ထိုက်ချို့, ဟန်ချိုများကိုလည်း ကြောက်ကြရသည်။ သူတို့လိုစကားပြန်ကလေးများကိုလည်း ကြောက်ရရှာ လေသည်။ ချွေးတပ်သားတို့၏ဘဝမှာ အပင်ပန်းခံ, အညဉ်းဆဲခံ, အထုအရိုက်ခံသက်သက်မျှသာ ဖြစ်လေသည်။
ချွေးတပ်သားများ တန်းစီလူနေခိုက် ကျွန်တော်သည် သံဖြူဇရပ်ဘူတာ၏ ပတ်ဝန်းကျင် ၄ ဘက် ၄ တန်ကို ကြည့်ရှုအကဲခတ်ခြင်း ပြုလိုက်မိလေသည်။ ပတ်ဝန်းကျင်အရပ်များသည် တောရိပ်တောင်ရိပ်များ ဝန်းရံထားလေသည်။ ထက်ကောင်းကင်မှ မိုးသား တိမ်လိပ်များ ဆင်နေသောကြောင့်လည်း တောတောင်အားလုံးမှာ ညို့မှိုင်းရီဝေလျက် ရှိလေသည်။ လေစာဖြူးဖြူး တိုက်ခတ်နေခြင်းနှင့်အတူ ဟိုမှသည်မှပြန့်လွင့်လာသော တောကျေးတောငှက်ကလေးများ၏အသံကိုလည်း ရံဖန်ရံခါ ကြားနေရလေသည်။
နေရာဒေသကား လွမ်းဆွတ်ဖွယ်, ကြေကွဲဖွယ် ကောင်းလှလေသည်။ လောလောဆယ်အားဖြင့် ခရီးရောက် မဆိုက် ဖြစ်နေသောကြောင့် တစ်ကြောင်း၊ ဖက်ဆစ်ဂျပန်စစ်သားများ၏ အထုအထောင်းအရိုက်အပုတ်ကို ကြောက်ရွံ့ ထိတ်လန့်စွာ ခံစားနေရသောကြောင့် တစ်ကြောင်း၊ ချွေးတပ်သားမျာများအနေဖြင့် လွမ်းရဆွေးရ ကြေကွဲရမည့် အတွေးများကို တွေးတောမိခြင်း ပြုမိကြလိမ်ဦးမည် မဟုတ်ပါချေ။
သို့ရာတွင် အချိန်ကာလ အတန်ကလေး ကြာရှိလာမည်ဆိုလျှင်ကား ထိုအမြင်, ထိုအတွေ့များသည် သူတို့ သူတို့၏နှလုံးသားများကို လွမ်းဆွတ်ကြေကွဲစေလိမ့်မည်။ ပူဆွေးလောင်ကျွမ်းစေလိမ့်မည်မှာ မုချဟု ကျွန်တော် တွေးလိုက်မိလေသည်။ မကြာမီ ချွေးတပ်သားများအားလုံပင် စနစ်တကျတန်းစီထားပြီး ဖြစ်သွားသည်။ ဂျပန်စစ်ဗိုလ်သည် ကျွန်တော်ကို သူနှင့်အတူခေါ်ဝင်ပြီးနောက်၊ နောက်ပါ ဂျပန်စစ်သားများနှင့်အတူ ချွေးတပ်သားများကို စစ်ဆေးခြင်းပြုလေသည်။
ကျွန်တော်တို့ မအူပင်ခရိုင်မှ ချွေးတပ်သားများမှာ အတိအကျပင်ဖြစ်လေသည်။ သို့ရာတွင် အခြားခရိုင်မှ ချွေးတပ်သားအချို့မှာ စာရင်းပါအတိုင်းမဟုတ်ဘဲ ၆ ယောက်တိတိ လျော့နေလေသည်။
ထိုအထဲတွင် ဟန်ချို တစ်ယောက်လည်း အပါအဝင်ဖြစ်နေသည်။ ဂျပန်စစ်ဗိုလ်သည် ထိုကိစ္စကို မကျေမနပ်ဖြစ်လေတော့သည်။ လူပေါင်း ၅ဝဝ ကျော်လောက်ကို ထပ်ခါတလဲလဲရေတွက်လိုက်, သူ့လက်ထဲရှိစာရင်းကို ထပ်ခါထပ်ခါကြည့်လိုက်နှင့် ရှူးရှူးရှားရှားဖြစ်လာတော့သည်။
ချွေးတပ်သား ၅ ယောက်နှင့် ဟန်ချို ၁ ယောက် ပျောက်ဆုံးနေသည်မှာမူ အမှန်ပင်ဖြစ်လေသည်။ မည်သို့ ရေတွက်ရေတွက် မည်မျှလောက် စစ်ဆေးစစ်ဆေး လူ ၆ ယောက်လျော့နည်းနေခြင်းမှာ သေချာနေလေသည်။
ဂျပန်စစ်ဗိုလ်သည် ချွေးတပ်သားများအား မော်လမြိုင်မှ တာဝန်ယူကာလိုက်လံပို့ဆောင်သော ဂျပန်စစ်သား များအား ရထားလမ်းဘေးတွင် တန်းစီမတ်တပ်ရပ်စေလျက် ဒေါသတကြီးနှင့် မေးမြန်းစစ်ဆေးပါတော့သည်။ ပါးစပ်မှလည်း ထပ်တလဲလဲ ဆဲဆိုကြိမ်းမောင်းခြင်းပြုလေသည်။ နောက်ဆုံး၌မူ ဂျပန်စစ်သား ၁၄-၅ ယောက်ထဲမှ တပ်ကြပ်ကြီးဖြစ်သော ဂျပန်စစ်သား၏ပါး ၂ ဘက်ကို ဘယ်ရောညာရောပါ ရိုက်နှက်ခြင်းပြုလေသည်။
ကျွန်တော်သည် ထိုအဖြစ်ကို ခပ်လှမ်းလှမ်းမှနေလျက် ကြည့်နေမိသည်။ တပ်ကြပ်ဂျပန်မှာ အသားများ တဆတ်ဆတ်တုန်နေရှာပါသည်။ ဒူးဆစ် ၂ ဘက်မှာလည်း တစ်ဖက်နှင့် တစ်ဖက် တဆတ်ဆတ်ရိုက်လျက် မကြာမီ လဲကျသွားတော့မည့်အလား ရှိလေသည်။
သို့ရာတွင် ဂျပန်စစ်ဗိုလ်က အသံကုန်အော်ဟစ်အမိန့်ပေးလိုက်သည့်အခါ ဂျပန်တပ်ကြပ်သည် သူ့ကိုယ်ကို ခပ်တောင့်တောင့်ထားလျက် ရင်ကိုကော့ကာ ခြေစုံရပ်ပေးရသည်။ ဂျပန်စစ်ဗိုလ်ကလည်း တပ်ကြပ်၏ ပါး ၂ ဘက်ကို တစ်အားတစ်အားလွှဲလျက် ရိုက်လေသည်။
ချွေးတပ်သားအားလုံးမှာလည်း တုပ်တုပ်မျှ မလှုပ်ဝံ့ချေ။ အားလုံး မျက်စိမျက်နှာပျက်လျက် ငြိမ်သက်နေ ကြလေသည်။ ဤလိုနှင့် ဂျပန်စစ်ဗိုလ်သည် တပ်ကြပ်ကြီးဂျပန်အား ရိုက်နှက်နေခြင်းကို ရပ်တန့်လိုက်ပြီးနောက် စကားပြန် သူငယ်မှတစ်ဆင့် လူလျော့နေသော ချွေးတပ်အုပ်စုများမှ ဘွန်ထိုက်ချိုနှင့် ဟန်ချိုများကို အပြင်သို့ခေါ်ထုတ်လိုက် သည်။ ထိုသူများအားလုံးကို စီတန်းမတ်တပ်ရပ်နေစေသည်။ ထိုလူစုမှာ ဘွန်ထိုက်ချို့ရော ဟန်ချိုပါ ၁၀ ယောက် ခန့်ရှိလိမ့်မည်ဟု ထင်ပါသည်။
“မရှိဘူးတကား၊ မရှိဘူးတကား” ဂျပန်စစ်ဗိုလ်သည် ဘွန်ထိုက်ချိုများ, ဟန်ချိုများကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးမေးမြန်းလေသည်။ “မင်းတို့ထဲက ချွေးတပ်သား ၆ ယောက် လိုနေတယ်။ ဘယ်မှာလဲ” စကားပြန်းသူငယ်က မေးလေသည်။
သို့ရာတွင် ဘွန်ထိုက်ချိုနှင့် ဟန်ချိုများသည် ဂျပန်စစ်ဗိုလ်၏အမေးကို လည်းကောင်း, စကားပြန်သူငယ်၏ အမေးကို လည်းကောင်း တစ်စုံတစ်ရာဖြေကြားခြင်း မရှိကြချေ။ အားလုံး နှုတ်ဆိတ်ငြိမ်သက်၍ နေကြလေသည်။
“မင်းတို့ မသိဘူးလားကွ။ မင်းတို့လူတွေထွက်ပြေးရင် မင်းတို့မှာ တာဝန်ရှိတယ်” စကားပြန်သူငယ်ကပင် ပြောလေသည်။ ထိုသူငယ်သည် ဘွန်ထိုက်ချို. ဟန်ချိုများရှေ့တွင် ခါးထောက်လျက် မောက်မောက်မာမာ ဂိုက်မျိုးဆိုက်မျိုး ဖြစ်လေသည်။
“ပော့ကောင်။ မင်း မသိဘူးလား”ဟန်ချိုလူရွယ်မှာ နှုတ်ဆိတ်နေလေသည်။ ထိုအခိုက်၌ပင် အရိပ် နားလည်သော ဂျပန်စစ်သား ၂ ယောက်သည် ဟန်ချိုလူရွယ်အား တအားဆောင့်လျက် ဆွဲထုတ်လိုက်သည်။ ဂျပန်စစ်သားတစ်ယောက်သည် လူရွယ်ရှိရာသို့ ခုန်လွှားလာပြီးနောက် ရင်ဝဆီသို့ စစ်ဖိနပ်နှင့်လှမ်းကန်လိုက်သည်။ လူရွယ်သည် ဘေးသို့ ပုံရက်သားလဲကျသွားလေသည်။
သို့ရာတွင် ဂျပန်စစ်သား ၂ ဦးက ဆွဲထူလိုက်သည့်အခါ ချက်ချင်းပြန်ထလာသည်။ “မင်း ဘာပြုလို့မပြောတာလဲ” စကားပြန်က မေးပြန်သည်။
“ကျုပ်မသိဘူး။ ဘာမျှမသိဘူး။ လူရွယ်က အသံကုန်အော်ဟစ်လိုက်သည်။ ထိုအခိုက်၌ပင် ဂျပန်စစ်သား၏လက်များမှာလည်း ဟန်ချိုလူရွယ်၏ပါး ၂ ဘက်ပေါ်သို့ တဖျန်းဖျန်းကျ ရောက်သွားပြန်လေသည်။
ထိုအခိုက် အုံ့မှိုင်းရိဝေနေသောမိုးသည် တဖွဲဖွဲရွာသွန်းစပြုလာလေသည်။ ကျွန်တော်တို့ မအူပင်ခရိုင်မှ ချွေးတပ်သားများမှာ လူအရေအတွက် လျော့နည်းခြင်းမရှိသဖြင့် ထိုကဲ့သို့ စစ်ဆေးမေးမြန်းခြင်း, ရိုက်နှက်ကန်ကြောက်ခြင်းကို မခံကြရသော်လည်း၊ မိုးတဖွဲဖွဲအောက်၌ပင် ငုတ်တုတ်မည်းတည်း တိုင်နေကြရဆဲ ဖြစ်လေသည်။
စကားပြန်သူငယ်နှင့် ဂျပန်စစ်သားများသည် တတိယမြောက်ဖြစ်သူအား စစ်ဆေးမေးမြန်းခြင်း ပြုပြန်လေသည်။ ထိုသူမှာလည်း ဘွန်ထိုက်ချိုတစ်ယောက်ပင် ဖြစ်လေသည်။ အသက် အစိတ်အရွယ်ခန့် ဖြစ်သည်။ ဗလ ကောင်းကောင်း ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားပီသသောအသွင် ရှိလေသည်။
“မင်းကော မသိဘူးလား” စကားပြန်သူငယ်က ရှေးနည်းအတိုင်းမေးလေသည်။
“ဘာကွ” ထိုသူက စကားပြန်သူငယ်ကို ခပ်ပြတ်ပြတ်ပြန်မေးလိုက်သည်။ သူ့ကိုယ်ကိုလည်း ခပ်တောင့်တောင့် ရပ်ထားသည်။ စကားပြန်ကိုလည်း အလွန်အမင်း မကျေမနပ်ဖြစ်နေဟန်တူလေသည်။ သူ့အမူအရာသည် “ဖြစ် ချင်တာဖြစ်စေတော့’ဟူသော နှလုံးပိုက်ထားဟန်မျိုး ဖြစ်လေသည်။
သူ့အဖြေ, သူ့အပြောကြောင့် စကားပြန်သူငယ်မှာလည်း မျက်စိမျက်နှာပျက်သွားသည်။ အနီးတွင်ရှိနေကြ သော ဘွန်ထိုက်ချို, ဟန်ချိုများနှင့် ကျွန်တော်ကိုယ်တိုင်မှာလည်း အတော်ပင်အံ့သြလိုက်မိသည်။
သို့ရာတွင် ဂျပန်စစ်ဗိုလ်နှင့် စစ်သားများမှာမူ မြန်မာစကားကို မတတ်သောကြောင့် ကျွန်တော်တို့၏အဖြစ်ကို နားလည်ရိပ်မိဟန် မရှိပါပေ။ “မင်း မသိဘူးလား” စကားပြန်ကလေး၏ အသံကလည်း ထန်လာလေသည်။
“ဟေ့ကောင်လေး။ ငါဟာ မင်းအဖေလောက် ရှိတယ်ကွ။ ဟို-အဘိုးကြီးဟာ မင်းဖိုးအေလောက် ရှိတယ်။ မင်းမေးစရာရှိရင် ကောင်းကောင်းမွန်မွန်မေးပါလား။ ဟင်-ခွေးသားလေး” ထိုသူသည် မခံမရပ်နိုင်လွန်းသဖြင့် အသားများဆတ်ဆတ်တုန်လျက် အော်လိုက်လေသည်။
“အို- သည်းညည်းခံပါ လူလေးရာ။ သားတို့အဖေတို့က သူတို့လက်ခုပ်ထဲကရေပဲ” ခပ်စောစောက အရိုက်အနှက်ခံရသော ဘွန်ထိုက်ချို ဦးကြီးက လှမ်းပြောလေသည်။
ထိုအခါကျမှပင် ကျွန်တော်သည် ဦးကြီးနှင့် အမေးအမြန်းခံရသော ဘွန်ထိုက်ချိုမှာ သား,အဖဖြစ်ကြောင်း သိလိုက်ရလေသည်။
သို့ရာတွင် ယခုအချိန်၌ကား ဂျပန်စစ်ဗိုလ်မှာ သူ့စကားပြန်ကလေးနှင့် ချွေးတပ်သားဘွန်ထိုက်ချို၏အဖြစ် ကို ရိပ်မိသိရှိသွားဟန်တူလေသည်။
ဂျပန်စစ်ဗိုလ်သည် ရှေ့သို့ ခြေလှမ်း ၄-၅ လှမ်း တိုးလာပြီးနောက် “မကောင်းဘူး တကား၊ မကောင်းဘူးတကား။ ခူးရား၊ ခူရား၊ ဘာကာရိုး”ဟု နှုတ်တဖွဖွအော်လျက် ဘွန်ထိုက်ချို၏ မျက်နှာ တည့်တည့်ပေါ်သို့ လက်ဝါးစောင်းရိုက်ချလိုက်လေသည်။
ဘွန်ထိုက်ချီမှာလည်း တစ်ဘက်သို့ ငိုက်ခနဲ ယိုင်လဲသွားတော့မလို ဖြစ်သွားလေသည်။ သို့ရာတွင် သူသည် သတိကြီးစွာထားလျက် မြေပြင်တွင် ခြေ ၂ ဖက်ကို ခိုင်ခံ့စွာ ရပ်တန့်ထားလေသည်။ ဘွန်ထိုက်ချီ၏ နှာခေါင်းပေါက်ထဲမှသွေးများသည် ပါးစပ်ထဲရောက်သည်အထိ ကျဆင်း လာလေသည်။
ဂျပန်စစ်ဗိုလ်သည် သူ့စကားပြန်အား တစ်စုံတစ်ရာမေးလေသည်။ စကားပြန်သူငယ်ကလည်း ဖြစ်သမျှ အကြောင်းထက်ပို၍ ပုံကြီးချဲ့ပြောဟန်တူလေသည်။ ထို့ကြောင့်ပင် ဂျပန်စစ်ဗိုလ်၏လက်ဝါးစောင်းများသည် ဘွန်ထိုက်ချို၏မျက်ခွက်ပေါ်သို့ ဆက်ကာဆက်ကာ ကျရောက်လေသည်။
ဂျပန်စစ်ဗိုလ်သည် ကရာတေးသမား ဖြစ်ဟန်တူသည်။ အရိုက်အနှက်ခံရသော ဘွန်ထိုက်ချိုလူရွယ်၏ မျက်နှာတစ်ခုလုံး သွေးချင်းချင်းရဲသွားလေသကဲ့သို့ ရှိနေနိုက်၌ပင် ကျွန်တော်တို့အားလုံး မည်သို့မျှမထင်မှတ်သော, မျှော်လင့်ခြင်းလုံးလုံးမရှိသောအဖြစ်တစ်ရပ်ကို ကြုံတွေ့ လိုက်ရလေသည်။
ဖြုတ်ခနဲ တိုတောင်းသောအချိန်ကလေးအတွင်း၌ပင် ဘွန်ထိုက်ချိဖြစ်သူသည် ဂျပန် စစ်ဗိုလ်၏မျက်နှာပေါ်သို့ လက်သီးတစ်လုံးကို တစ်အားပင့်လျက် ထိုးနှက်လိုက်လေသည်။ လူရွယ်၏လက်သီးဒဏ်ကြောင့် အလစ်တွင်ခံလိုက်ရသော ဂျပန်စစ်ဗိုလ်မှာလည်း နောက်သို့ပက်လက်လန်ကာ လဲကျသွားလေသည်။
ဘွန်ထိုက်ချိုလူရွယ်သည် ဆုတ်ဆိုင်းလေးကွေးနေခြင်းမရှိပါဘဲ မီးရထားလမ်းဘေးမှဖြတ်လျက် သံဖြူဇရပ် မြို့ဆီသို့ စွတ်၍ တရကြမ်းပြေးလေသည်။ သို့ရာတွင် ကံကြမ္မာဆိုးလှသော ထိုသူမှာ ဂျပန်များလက်တွင်းမှ လွတ်ကင်းအောင် မပြေးနိုင်ရှာပါချေ။ သေနတ်သံ ၃-၄ ချက်ကို ဆက်ကာဆတ်ကာကြားလိုက်ရပြီးနောက် ထိုသူမှာလည်း ခွေကျသွားရှာလေတော့သည်။
တို့လူကို အော်ဟစ်သံများ, ကြိမ်းမောင်းခြင်းပြုသံများကိုလည်း ကြားလိုက်ရသည်။ ချွေးတပ်စခန်းကြီးတစ်ခုလုံးမှာ ဆူဆူညံညံ လှုပ်လှုပ်ရွရွ ဖြစ်နေပါလေလည်း ကျွန်တော်တို့သည် မိုးရေမိုးပေါက်များအောက်၌ပင် တန်းစီကာလူစစ်ဆေးခြင်း ခံကြရသည်။
ဂျပန်များမှာ မိုးကာအင်္ကျီများရှိနေသဖြင့် တော်သေးသော်လည်း ချွေးတပ်သားများအနေဖြင့်မူ ရွှဲနေလေတော့သည်။ မကြာမီ လူစစ်ဆေးခြင်းကိစ္စမှာ ပြီးစီးသွားလေသည်။
စခန်းမှူးသည် ကျွန်တော်တို့လူစုအား တဲတန်းလျားကြီးတစ်လုံးတွင် နေရာချထားပေးလေသည်။ ပြီးလျှင် နောက်နာရီဝက်ခန့် အချိန်အတွင်း၌ ထမင်းဆွဲရန်အတွက် ထမင်းချက်ခေါင်းက ခေါ်လိမ့်မည်ဖြစ်ကြောင်း။ ခေါ်ချိန်တွင်မရှိပါက ထမင်းစားရလိမ့်မည်မဟုတ်ကြောင်း ပြော ကြားပြီးနောက် တဲတန်းလျားကြီးအတွင်းမှ ထွက်ခွာသွားလေသည်။
ကျွန်တော်နှင့် ဘွန်ထိုက်ချိုများသည် ကျွန်တော်တို့နှင့်သက်ဆိုင်သော ချွေးတပ်သားများအား စနစ်တကျ နေရာချထားပေးခြင်း, အပြင်သို့ အရမ်းကာရော ထွက်ခွာသွားခြင်းမပြုရန်နှင့် တစ်ဦးနှင့်တစ်ဦး စည်းစည်း လုံးလုံးညီညီညွတ်ညွတ် ကြင်နာစွာနေထိုင်ကြရန် ပြောကြားရပါသည်။
အမှန်စင်စစ် ကျွန်တော်တို့ မအူပင်ခရိုင်မှ ချွေးတပ်သားအားလုံးပင်လျှင် စပ်စောစောက ဂျပန်စစ်ဗိုလ်နှင့် စစ်သားများ၏အပြုအမူကြောင့် စိတ်ဓာတ် အကြီးအကျယ်ကျဆင်းလျက်, အကြောက်ကြီးကြောက်ရွံ့ လျက်ရှိကြောင်း ကျွန်တော် လေ့လာမိပါသည်။ သူတို့သည် ကျွန်တော့်ကိုလည်း ‘ဆရာလေး,ဆရာလေး’ဟူ၍ အားကိုးတကြီးနှင့် ဆက်ဆံလျက်ရှိကြပါသည်။
ထိုအချိန်၌မူ ကျွန်တော်တို့အားလုံးကပင် “ဆိုးရွားကြမ်းကြုတ်သော ဖက်ဆစ်များ၏ လက်တွင်းသို့ ကျရောက်ခဲ့ပြီဖြစ်ကြောင်း’ သဘောပေါက်မိကြပြီဖြစ်လေသည်။ သို့ရာတွင် ကျွန်တော်တို့၏အဖြစ်နှင့် ကျွန်တော်တို့၏အခြေအနေမှာ မည်သို့မျှ နောက်ဆုတ်ရန်မဖြစ်နိုင်တော့ကြောင်းကိုလည်း အားလုံးပင် နားလည်လိုက် ကြပါလေသည်။
မကြာမီအချိန်ပိုင်းကလေးအတွင်း၌ပင် ကျွန်တော်တို့သည် စခန်းပေါက်ဝမှ လူသံများကို ဆူဆူညံညံ ကြားလိုက်ရပေသည်။ ဂျပန်များ၏အော်ဟစ်ဆဲရေးသံ တဘုံးဘုံးတဒိုင်းဒိုင်းရိုက်နှက်သံများကလည်း စိတ်မချမ်း မြေ့ဖွယ်ပေါ်ထွက်လာလေသည်။
ကျွန်တော်သည် တဲတန်းလျားအပေါက်ဝမှနေ၍ စခန်းပေါက်ဝအသံကြားရာသို့ လှမ်းမျှော်ကာကြည့်လိုက် မိသည်။ ဂျပန်စစ်သားများသည် ခပ်စောစောက ရထားလမ်းဘေးတွင် ကျန်ရစ်ခဲ့သော ချွေးတပ်သားများအား ကျွဲများ, နွားများကိုရိုက်နှက်သည့်အလား ရိုက်နှက်ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရလေသည်။
ချွေးတပ်သား အားလုံး မိုးရေတွေ စိုစိုရွှဲနေသည်။ သူတို့သည် ၄ ယောက် ၁ တွဲပင် ဖြစ်ကြသော်လည်း၊ ခြေလှမ်းများမှာမူ တညီတညွတ်မရှိကြဘဲ ပုံပျက်ပန်းပျက်ဖြစ်လျက်ရှိကြလေသည်။
ကျွန်တော်သည် ထိုလုအုပ်ကြီးအတွင်းမှ တစ်စုံတစ်ရာကို မျက်လုံးများဖြင့် ရှာဖွေကြည့်ရှုမိသည်။ သေနတ် ထိမှန်ခြင်းခံရရှာသော ဘွန်ထိုက်ချိုလူရွယ်၏ဖခင် ဘွန်ထိုက်ချို ဦးကြီးအား ရှာဖွေကြည့်ရှုမိခြင်းဖြစ်လေသည်။
“ဟိုလူကြီးတော့ ပါလာတယ်ဗျ ဆရာလေး” ကျွန်တော်ဘေးတွင် ရပ်နေသော ဟန်ချိုကို ကိုချစ်တီးက ပြောလေသည်။ “သူ့သားတော့ မတွေ့ ဘူးဗျ” ကျွန်တော်ကပြောလိုက်ပါ သည်။ “ဒီလောက်ရှိ သေရောပေါ့ဗျာ” အနီးရှိအွန်ထိုက်ချိုတစ်ယောက်က ပြောလေသည်။
မကြာမီ သူတို့သည် ချွေးတပ်စခန်းအတွင်းသို့ ဝင်ရောက်မိကြလေသည်။ သုတို့တစ်တွေမှာလည်း ကျွန်တော်တို့ နည်းထူပင် မိုးရေကြီးထဲ၌တန်းစီရပြီးနောက် လူစစ်ထားခြင်းကို ခံကြရလေသည်။ ထိုကိစ္စပြီးစီးသွားသည့်အခါ မှပင် ၈ခန်းမှူးဖြစ်သူများသည် ထိုချွေးတပ်အဖွဲ့သားများအား ကျွန်တော်တို့တဲတန်းလျားကြီးနှင့်ဘေးချင်းယှဉ် ဖြစ်သော တန်းလျားအတွင်းသို့ နေရာချထားပေးလိုက်လေသည်။
“ကျွန်တော်တို့ ညကျရင် အဲဒီတန်းလျားဘက်ကိုကူးသွားပြီး၊ ဦးကြီးကို သူ့သားအကြောင်းမေးကြည့် ရအောင် ဆရာလေး” ဘွန်ထိုက်ချို ကိုထွန်းမြတ်ဆိုသူသည် မည်သို့စိတ်ကူးရလေသည်မသိ။ ကျွန်တော့်အား ထိုကဲ့သို့ ပြောလေသည်။
“ကောင်းသားပဲဗျ။ ဒါပေမယ့် ကျွန်တော်တို့ အခြေအနေကိုကြည့်ကြသေးတာပေါ့။ ဂျပန်တွေ သိပ်ရှုပ် နေရင်တော့ သွားလို့ဖြစ်ချင်မှဖြစ်မယ်” ကျွန်တော်က ပြောလိုက်ပါသည်။
သံဖြူဇရပ် ချွေးတပ်စခန်းနှင့် မျက်နှာချင်းဆိုင် ကိုက် ၃-၄ဝ အကွာတစ်နေရာတွင်မူ ဂျပန်စစ်တပ်စခန်း ချထားသော အဆောက်အဦငယ်များ ရှိလေသည်။ ကြီးမားသောအဆောက်အဦတစ်ခုနှင့် အိမ်ငယ်ကလေးများ ၆ လုံး- ၇ လုံး ရှိသည်။
တစ်ဖန် ချွေးတပ်စခန်း၏အရှေ့ဘက်တစ်နေရာနှင့် အနောက်ဘက်တစ်နေရာ၌လည်း ဂျပန်စစ်သားများနေသော တဲတန်းလျားများ ရှိလေသည်။ ဂျပန်တို့၏အနေအထားသည် ချွေးတပ်စခန်းအား ၃ ဘက် ၃ တန်မှ ကာရံထားသည့်အနေအထား ဖြစ်လေသည်။ ချွေးတပ်စခန်းမှာမူ တဲတန်းလျားကြီးပေါင်း ၆ လုံးတိတိ ရှိသည်။ ထမင်းစားရုံကြီးတစ်ရုံနှင့် ထမင်းချက်ဖို့ တဲ့ကြီးများလည်း ရှိသည်။ “ထမင်းစားရုံ’ ဟုဆိုရသော်လည်း အမိုးသာရှိလျက်၊ အကာ, အခင်း ဟူ၍မရှိချေ။ ကျင်ကြီးကျင်ငယ်စွန့်ရန်အတွက် အိမ်သာများမှာမူ တဲတန်းလျားကြီးများ၏ နောက်ပိုင်းခပ်ကျကျ ခပ်လှမ်းလှမ်းတွင် ရှိလေသည်။
ဆေးရုံအဆောက်အဦတစ်ခုလည်း ရှိလေသည်။ သို့ရာတွင် ‘ဆေးရုံ´ ဟူ၍ဆိုရသော်လည်း လူနာများရှိသည်တော့ မဟုတ်ချေ။ ဆေးပေးခန်းသက်သက်မျှသာလျှင် ဖြစ်လေသည်။ မကြာမီ ထမင်းစားရုံမှနေလျက် “မအူပင်ခရိုင်၊ မအူပင်ခရိုင်”ဟူသော အော်ဟစ်သံကို ကြားရလေသည်။
ထိုအသံကြောင့် ဘွန်ထိုက်ချိုနှင့် ဟန်ချိုများ ကျွန်တော်ရှိရာသို့ စုရုံးရောက်ရှိလာကြလေသည်။ ချွေးတပ်သားများ မှာမူ တဲတန်းလျားကြီးပေါ်၌ပင် စုစုဝေးဝေးထိုင်လျက် ဣန္ဒြေရစွာရှိနေကြလေသည်။ ယခုအချိန်၌မူ ကျွန်တော်တို့ခရိုင်မှ ချွေးတပ်သားအတော်များများပင် သတိကြီးစွာထားလျက် အစစအရာရာ၌ ဆင်ဆင်ခြင်ခြင် နေထိုင်ကြရှာပါသည်။
သူတို့သူတို့သည် ဂျပန်များ၏ ရက်စက်ကြမ်းကြုတ်မှုကို မကြာမီအချိန် ကလေးအတွင်းမှပင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြ ပြီဖြစ်သောကြောင့်လည်း ၎င်းတို့အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို တွေးတောစိုးရိမ်နေကြဟန် ရှိလေသည်။
“ဆရာလေး။ ထမင်းစားဖို့ ခေါ်နေပြီဗျ” ဟန်ချိုတစ်ယောက်က ပြောလေသည်။ “၄ ယောက် ၁ တွဲ တန်းစီခိုင်း ပေါ့ဗျာ။ ဣန္ဒြေရရနှင့် စနစ်တကျသွားကြတာပေါ့။ အစစအရာရာ စည်းကမ်းနှင့်နေကြထိုင်ကြဖို့ကိုလည်း ကျွန်တော်တို့လူတွေကို သတိပေးကြဗျာ” ကျွန်တော်တို့သည် ၄ ယောက် ၁ တွဲ တန်းစီကြသည်။
ဟန်ချိုနှင့် ဘွန်ထိုက်ချိုများက ဘေးမှနေလျက် ကြပ်မတ်ပေးကြသည်။ မိုးမှာ ရွာနေဆဲပင်ဖြစ်လေသည်။ ဤလိုနှင့်သာ ကျွန်တော်တို့အားလုံးပင် ထမင်းစားရုံကြီး အတွင်းသို့ ရောက်ခဲ့ကြလေသည်။ ထမင်းကျွေး သည်မှာ ပန်းကန်ခွက်ယောက်ဟူ၍ လုံးဝမရှိ။ ဖျာကြမ်းများပေါ်တွင် အင်ဖက်များခင်းလျက်။ ချစ်တီးကုလားဆိုင်တွင် ထမင်းစားရသလို ဖြစ်လေသည်။ ဟင်းလျာမှာလည်း ပဲကြီးနှင့် ကန်စွန်းဥများ ရောနှောချက်ပြုတ်ထားခြင်း ဖြစ်လေသည်။
ထမင်းကျွေးရုံတွင်တာဝန်ကျသော ချွေးတပ်သားများသည် အလွန်တရာ အပြောအဆို ဆိုးဝါးလျက် ကြမ်းလမ်းခက်ထန်သောသူများသာ ဖြစ်လေသည်။ သူတို့သည် အလကားနေရင်းမှ မအေနှမ ဆဲရေးတိုင်းထွာနေ ကြသူများဖြစ်လေသည်။ တစ်ခါတစ်ခါ ငါချင်းမိုးမွှန်အောင် ဆဲရေးတတ်သည်။
ထမင်းရုံတာဝန်မှာ ဆိုသူကလည်း ရိုက်လားနှက်လား ထိုးလားကြိတ်လားနှင့် လက်ဝါးစောင်းထက်လှလေသည်။ အကာအရံကင်းမဲ့သော ထမင်းစားရုံဖြစ်သောကြောင့်လည်း လေပြင်းတိုက်စတ်လိုက်သည့်အခါ၊ မိုးရေမိုး ပေါက်များသည် တဲရုံကြီးအတွင်းသို့ ဝင်ရောက်လာလေသည်။
ထိုအခါ- ချွေးတပ်သားများ၏ ထမင်းပုံ, ဟင်းပုံ များထဲသို့ မိုးရေမိုးပေါက်များက ဒလဟောဝင်ရောက်လာသည်။ ချွေးတပ်သားများ၏ ကိုယ်ပေါ်သို့လည်း မိုးရေများ စွတ်စိုကုန်လေသည်။ သို့ရာတွင် မည်သို့မျှ မတတ်သာပါချေ။ ဤအတိုင်းပင် ဖြစ်သလိုစားကြရလေသည်။
“ဟေ့ကောင်ခွေးသား။ ဒါ နင့်အမေ့လင်အိမ် မဟုတ်ဘူးကွ။ ထမင်းမဝတိုင်း တောင်းလို့မရဘူးကွ” ကျွန်တော်သည် အသံကြားရာသို့လှမ်းကြည့်လိုက်ပါသည်။ ကျွန်တော်တို့ ညောင်တုန်းနယ် ငါးကြီးအိုင်ကျေးရွာမှ ကိုဇတော် ဆိုသောချွေးတပ်သားကြီးအား ထမင်း ကျွေးရုံတာဝန်ကျ ချွေးတပ်သားက ပြောလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။
ကိုဇတော်မှာ ဗလကောင်းသလောက် အစားကောင်းဟန်ရှိသော တောင်သူလယ်သမားကြီးတစ်ယောက် ဖြစ်လေသည်။ ထမင်းမဝ၍ ထပ်တောင်းရာမှာ ယခုကဲ့သို့ အဆဲအဆိုခံရရှာခြင်းပင် ဖြစ်လေသည်။ လူမျိုးခြား ဖက်ဆစ်ဂျပန်များက မဟုတ်ဘဲ၊ မိမိလူမျိုးချင်းလည်း ဖြစ်ရုံသာမက ဘဝတူ ချွေးတပ်သားချင်း လည်းဖြစ်သူတစ်ယောက်က ထိုကဲ့သို့ ရက်ရက်စက်စက် နှင့်သီးစွာပြောလိုက်ခြင်းကြောင့် ကျွန်တော့်ရင်ထဲတွင် နင့်ခနဲဖြစ်လိုက်မိပါသည်။
ကျွန်တော်သည် ထမင်းစားနေရင်းမှ ဆတ်ခနဲ ထရပ်လိုက်ပါသည်။ “မဝသေးလို့ ထပ်တောင်းတာပဲဗျာ။ ခင်ဗျား ဒီလိုဆဲဖို့မကောင်းပါဘူး” ထမင်းကျွေးရုံတာဝန်ကျ ချွေးတပ်သားသည် ကျွန်တော်မျက်နှာကို မော်ကြည့်လိုက်သည်။ ပြီးလျှင် သူသည် လက်တွင်းမှ ထမင်းတောင်းကို ဒေါသတကြီးနှင့် ပစ်ချလိုက်သည်။
“မင်းနှင့်ဘာဆိုင်လဲ ဟေ့ကောင်” ထိုသူသည် ကျွန်တော်ရှိရာသို့ ခပ်သွက်သွက်လှမ်းလာသည်။ သူ့မျက်နှာတစ်ပြင်လုံးမှာလည်း ဒေါသအရှိန် ကြောင့် နီမြန်းနေသည်။ အနီးရှိ ထမင်းစားနေသောတွန်ထိုက်ချို ကိုမောင်စိန်တို့လူစုသည် ချက်ချင်းပင် ကျွန်တော့် အနီးသို့ စုရုံးလာကြသည်။
“ဒါ ကျုပ်အုပ်ချုပ်လာတဲ့ ကျုပ်နယ်ကလူ”
“ဟင်- မင်းက ဘာကောင်လဲ”
“ဘာကောင်လဲဆိုတာ ကြည့်ပါလား” ထိုသူသည် ကျွန်တော့်လက်မောင်းပေါ်ရှိ ဂျပန်လက်ပတ်ကိုမြင်သွားသည့်အခါ ကိုယ်ရှိန်သတ်သွားလေသည်။
အမှန်အားဖြင့် ချွေးတပ်စခန်းများတွင် ဘွန်ထိုက်ချို. ဟန်ချိုနှင့် ဝါဒဖြန့်ချိရေးမှူး, စခန်းမှူး, ဆေးမှူး စသူ တွေမှာ သာမန်ချွေးတပ်သားများထက် အခွင့်အရေးရှိသူများ ဖြစ်ကြလေသည်။ ထိုသူများမှာ ချွေးတပ်သားများကဲ့သို့ အလုပ်လုပ်ရခြင်းလည်း မရှိပေ။
ချွေးတပ်သားများအပေါ် အုပ်ချုပ်ကွပ်ကွဲရန်နှင့် ဂျပန်များနှင့် တွဲဖက်လျက် တာဝန်ယူကြရန်ပင် ဖြစ်လေသည်။ ပြီးသော် ဂျပန်များသည် စစ်သားများသာ ဖြစ်လေသောကြောင့် “ကြီးသူကို ငယ်သူက လေးစားရိုသေရမည် ဟူသောအယူအဆရှိသူများလည်း ဖြစ်ကြလေသည်။
ထိုသဘောကြောင့်လည်း လမင်းကျွေးရုံတာဝန်ကျ ချွေးတပ်သားမှာ ကိုယ်ရှိန်သတ်သွားဟန် တူပါသည်။
“ထမင်းမဝမယ့် ထပ်မပေးနိုင်ဘူး။ ခုဟာ ပုံစံအတိုင်းပေးတာ။ ပုံစံထက် ဘယ်သူမျှ ပိုမစားရဘူး” ချွေးတပ်သားသည် ထိုစကားပြောပြီးနောက် ကျွန်တော်တို့လူစုမှ ထွက်စွာသွားလေသည်။
ချွေးတပ်စခန်းများတွင် ဂျပန်များအနေဖြင့်သာ ဆိုးရွားကြသည်မဟုတ်ပေ။ မိမိတို့ချွေးတပ်သားအချင်းချင်း မှာလည်း ကြီးနိုင်ငယ်ညှဉ်း ပြုတတ်ကြလေသည်။ အချို့ကလည်း ဂျပန်နှင့်လှည့်၍ ရန်တိုက်ပေးတတ်သည်။ ဂျပန်စကားပြန်မှာ ဤမှာဘက်တွင် ပို၍ဆိုးလေသည်။ ချွေးတပ်သားကပြောသည်က တစ်မျိုး၊ ဂျပန်ကိုပြန်ပြောသည်က တစ်မျိုးနှင့် ချွေးတပ်သားခမျာ ဒုက္ခမဖြစ်သင့်ဘဲ ဖြစ်ရရှာလေသည်။
ကျွန်တော်တို့မအူပင်ခရိုင်မှချွေးတပ်သားများ ဆက်လက်၍ ထမင်းစားနေခိုက်၌ပင် ထမင်းကျွေးရုံတာဝန်မှူးနှင့် သူ့နောက်ပါး လူ ၄-၅ ယောက် ရောက်ရှိလာကြပြန်လေသည်။ သူတို့သည် ချွေးတပ်သားများအား ထမင်းကို ခပ်သုတ်သုတ်စားသောက်ကြရန် လိုက်လံအော်ဟစ်ကြလေသည်။ ကျွန်တော်တို့အပြင် နောက်ထပ် ကျွေးရမည့်သူများ အများအပြားရှိသေးသည်ဟု ဆိုလေသည်။
ကျွန်တော်တို့မှာ ထမင်းစားသောက်ရသည်ကပင် ကသောကမျောနှင့် သေပြေးရှင်ပြေးစားသောက်ကြရ လေသည်။ မိုးဒဏ်လေဒဏ်တစ်မျိုး, ထမင်းကျွေးရုံးမှုးက တစ်သွယ်, ဂျပန်များ၏ရန်ကိုကြောက်ရသည်က တစ်ဖုံနှင့် အကြောင်းမျိုးစုံ စိတ်မချမ်းမြေ့စရာများနှင့် ရင်ဆိုင်နေကြရလေသည်။
ထမင်းစားသောက်ပြီးသူများသည် မိမိတို့ဖက်ကို မိမိတို့ယူဆောင်လျက် ခပ်လှမ်းလှမ်းရှိ ကျင်းကြီးတစ်ခုထဲတွင် သွားရောက်စွန့်ပစ်ရသည်။ ပြီးမှ မိမိတို့တဲတန်းလျားကြီးများရှိရာသို့ ပြန်ခဲ့ကြရလေသည်။
ကျွန်တော်တို့လူစုအပြီးတွင် ‘သရက်ခရိုင်-သရက်ခရိုင်”ဟူသော အော်ဟစ်သံများကို ကြားရသည်။ ထိုအခါ ကျွန်တော်တို့တဲတန်းလျားကြီးနှင့်ဘေးချင်းယှဉ်နေသော ခပ်စောစောက ဘွန်ထိုက်ချို ဦးကြီးများအုပ်စုသည် ၄ ယောက် ၁ တွဲတန်းစီလျက် ထမင်းကျွေးရုံအတွင်းသို့ ဝင်ရောက်သွားကြလေသည်။
ထိုအခါမှလည်း ခပ်စောစောက ဦးကြီး များမှာ သရက်ခရိုင်မှဖြစ်ကြောင်း သိရပါလေသည်။ ကျွန်တော်သည် ထမင်းစားလာသောချွေးတပ်သားများ အုပ်စုထဲတွင် ခပ်စောစောက ဦးကြီးကို တွေ့လို တွေ့ငြားကြည့်မိလေသည်။ ထိုဦးကြီးကို လုံးဝ မတွေ့ရပါပေ။
မိုးမှာ တဝုန်းဝုန်း ရွာသွန်းနေရာမှ တိတ်သွားပြန်လေသည်။ ကျွန်တော်သည် တဲတန်းလျားကြီး၏အတွင်းသို့ ခြေလှမ်းဝင်လိုက်သည်။ ကျွန်တော်တို့အရင်ရောက်ရှိနေသော ချွေးတပ်သား ၄-၅ ယောက်သည် တဲပေါက်တွင် ရစ်ဝဲရစ်ဝဲဖြစ်နေကြသည်။ မျက်စိမျက်နှာမကောင်းဘဲလည်း ဖြစ်နေကြသည်။
“ပော့- ဘာဖြစ်နေကြတာလဲ” ကျွန်တော်က မေးလိုက်ပါသည်။ “ခပ်စောစောက ဦးကြီးကို ဂျပန်တွေလာခေါ်သွားတယ် ဆရာလေး” “ဘယ်ဦးကြီးလဲ” ကျွန်တော်က မေးလိုက်ပါသည်။
သရက်ခရိုင် ချွေးတပ်သားများ၏ တဲတန်းလျားကြီးရှိရာသို့လည်း လှမ်း ကြည့်လိုက်မိသည်။ ကျွန်တော်ရင်ထဲတွင် တစ်မျိုးကြီးဖြစ်သွားပါ သည်။ “ဟို- သူ့သားကို သေနတ်ပစ်ခံရတဲ့ ဦးကြီးပေါ့။ ဟိုမှာ ဟိုမှာ” ကျွန်တော်တို့နယ်မှ ချွေးတပ်သား ဘိုနီသည် တစ်နေရာသို့ လက်ညှိုးထိုးပြရင်းမှ ပြောလေသည်။
ကျွန်တော်သည် ဘိုနီညွှန်ပြရာသို့ ကြည့်လိုက်သည် ။ ခပ်စောစောက တဲတန်းလျားကွယ်နေသဖြင့် မမြင် ရခြင်းဖြစ်သော်လည်း၊ ယခုမြင်လိုက်ရသောဖြစ်ရပ်မှာ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထမလောက် တုန်လှုပ်သွားရသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
ဂျပန်စစ်သား ၂ ယောက် စကားပြန်လူငယ်နှင့် သံဖြူဇရပ်စခန်းမှ ချွေးတပ်သား ၂ ယောက်တို့သည် ခပ်စောစောက ဦးကြီးအား လက်ပြန်ကြိုးတုပ်လျက် ဂျပန်စစ်ရုံးအဆောက်အဦးတစ်ခု ရှိရာသို့ ဆွဲခေါ်သွားကြသည်။ ဂျပန်စစ်သား ၂ ယောက်အနက် တစ်ယောက် သေနတ်နှင့် ချိန်ရွယ်လျက် ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။
ဂျဝန်များသည် ထိုချွေးတပ်သားဦးကြီးအား အဘယ်မျှ နိုပ်စက်ညှဉ်းဆဲကြလေဦးမည်နည်း။ သတ်၍များပင် ပစ်ကြလေမလး သားဖြစ်သူမှာလည်း လူ့လောကတွင် ရှိနေသေးသလား။ သေပဲ သေလေပြီလား” ဤအတွေးများကို ကျွန်တော် တွေးလိုက်မိလေသည်။
အတန်ကြာ၌ တဲများနှင့် သစ်ပင်များကွယ်သွားသည့်အခါ၊ ထိုအမြင်မှာလည်း ကျွန်တော်၏ မျက်လုံးများ အတွင်းမှ ကွယ်ပျောက်သွားလေသည်။ ကျွန်တော်သည် စိတ်မကောင်း လူကံမကောင်းဖြစ်လျက်၊ တဲတန်းလျား အတွင်းရှိ ကျွန်တော်၏နေရာသို့ ပြန်လာခဲ့သည်။
ကျွန်တော်တို့ခရိုင်မှလူများကိုလည်း မိမိတို့နေရာတွင် မိမိတို့ စနစ်တကျနှင့်ကောင်းမွန်စွာ လဲလျောင်းနေထိုင်ကြရန် ပြောကြားရလေသည်။ ဤအတွင်းကပင် ဂျပန်များခေါ်ဆောင် သွားသော ချွေးတပ်သားဦးကြီးကိုလည်း “ဘေးမသီရန်မခဘဲ လွတ်မြောက်လာပါစေ” ဟု ဆုတောင်းခြင်းပြုရပါလေသည်။
ဤသို့နှင့် အချိန်မှာ တဖြည်းဖြည်းတစစ ညမိုးချုပ်လာလေသည်။ တိတ်ဆိတ်ငြိမ်သက်စ ပြုလာခြင်းနှင့်အတူ အမှောင်ရိပ်များကလည်း လွှမ်းခြုံစပြုလာသည်။ ချွေးတပ်သားများနေထိုင်ကြရသော တဲတန်းလျားအားလုံး၌ပင် မီးတိုင်မီးခွက် ဟူ၍ အလျင်းမရှိပါချေ။ အမှောင်နှင့်မည်းမည်း ဖြစ်နေလေသည်။
မီးတိုင်မီးခွက်ကလေးများ၏ အတန်မျှသောအလင်းရောင်ကလေးများ ရှိနေသည်မှာ “စခန်းမှူး”ဆိုသူများနေထိုင်သော အဆောက်အဦများနှင့် ဂျပန်စစ်သားများနေထိုင်သော အဆောက် အဦများသာ ရှိလေသည်။ ကျွန်တော်တို့ လူများသည် ဤကိစ္စ၌ အတော်ပင် သတိရှိကြသူများဟူ၍ ဆိုရပါမည်။
ကျွန်တော်တို့လူစုသည် သံဖြူဇရပ်ဘူတာမှ ဖယောင်းတိုင်, မီးခြစ်, ကညင်ဆီတိုင်, ဆေးလိပ် စသည်များကို ညရေးညတာအတွက် အပြေးအလွှားဝယ်ခြမ်းလာခဲ့ကြပါသည်။ ယခုမူ ဤပစ္စည်းကလေးများမှာ ကျွန်တော်တို့အဖို့ များစွာပင် အသုံးဝင် အရာရောက်လျက် ရှိနေလေတော့သည်။
ကျွန်တော်တို့လူစုသည် တဲလိုင်းကြီးအလယ်ဗဟို၌ ကညင်ဆီချောင်းတစ်ချောင်းကို စိုက်ထူလျက် မီးထွန်းညှိ ထားကြပါသည်။ တဲတန်းလျားတစ်ခု၏အရှည်အလျားမှာ ပေ ၆ဝ ထက်မနည်း ရှိလေသည်။ အလယ်တည့်တည့် တွင် လူသွားလမ်းတစ်လမ်း ချန်လှပ်ထားပြီးနောက်၊ ဘေးတစ်ဘက်တစ်ချက်တွင် လူများနေထိုင်ရန် အဆင့်ပြုလုပ် လျက်ထားလေသည်။ ချွေးတပ်သားများသည် ထိုအဆင့်ပေါ်၌ တန်းစီလျက်အိပ်ကြရပေသည်။
ကျွန်တော်တို့သည် ကညင်ဆီမီးတိုင်ကို ထွန်းညှိခြင်းပြုရာ၌ တဲတန်းလျား၏ အလယ်ဗဟိုတစ်နေရာတွင် ဝါးလုံးတစ်လုံးကို စိုက်ထူလိုက်ကြ၏။ ပြီးမှ ထိုဝါးလုံးထိပ်တွင် ကညင်ဆီမီးတိုင်ကို ချည်နှောင်ထားကြပါသည်။ စင်စစ် ဤလိုကျွန်တော်တို့မီးထွန်းညှိထားကြသည်မှာလည်း ညဦးပိုင်း အချိန်ကလေးအတွက်သာ ဖြစ်လေသည်။ တစ်ညလုံး မိုးစင်စင်လင်းသည်အထိကား မထွန်းနိုင်ကြချေ။ ကျွန်တော်တို့သည် ဝယ်ယူလာသော ကညင်ဆီတိုင် များကိုပင် ‘ချွေချွေတာတာအသုံးပြုကြရလိမ့်မည်’ ဟု သဘောပေါက်ထားကြလေသည်။
ကျွန်တော်တို့နှင့်ဘေးချင်းကပ်ဖြစ်နေသော တဲတန်းလျားတစ်လုံးမှာ မွန်အမျိုးသားချွေးတပ်သားများ၏ တဲကြီး ဖြစ်လေသည်။ သူတို့သည် အမှောင်တွင်း၌ ငုတ်တုတ်ထိုင်လျက် မွန်စကားသံများကို တစ်ယောက်တစ်ပေါက် ဆူညံစွာပြောနေကြလေသည်။ တစ်ခါတစ်ခါ စခန်းမှူးများသည် သူတို့နေထိုင်ရာ တဲအတွင်းမှနေလျက် မွန် ချွေးတပ်သားများအား အော်ဟစ်ဆဲရေးခြင်း ပြုလေသည်။
ထိုအခိုက်၌သာ စကားသံဆူဆူညံညံများ ရပ်စဲသွားလျက်၊ မကြာခင် ဆည်မြဲ ဆူညံနေပြန်လေသည်။ ညဦးပိုင်းအချိန်ကလေး ဖြစ်သောကြောင့်လည်း ကျွန်တော်တို့အုပ်စုမှ ဘွန်ထိုက်ချိုနှင့် ဟန်ချိုများသည် ကျွန်တော်ရှိရာသို့ စုဝေးရောက်ရှိနေကြလေသည်။
ဂျပန်များ၏ နှိပ်စက်ကလူပြုကျင့်မှုနှင့် မိမိတို့ထက် ချွေးတပ်ဝါရင့်သော စခန်းမှူး, စခန်းတာဝန်ကျ သူများ၏ အာဏာပြမှု. ထိုးကြိတ်ကန်ကြောက်မှုများကြောင့်လည်း ကျွန်တော်တို့အချင်းချင်းမှာ ယခုအခါ ကျောချင်းကပ် ဖြစ်လာကြလေသည်။
ကျွန်တော်တို့သည် ထွေရာ ၄ ပါးစကားများကိုပြောရင်းမှ ရှေ့ရေးအတွက်ကို လည်းကောင်း, ချွေးတပ်သားများအပေါ်၌ တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကို သွေးသားချင်းကဲ့သို့ အုပ်ချုပ်ကွပ်ကဲခြင်းပြုရန်ကို လည်းကောင်း တိုင်ပင်ဆွေးနွေးခြင်း ပြုကြရလေသည်။
ထိုအတွင်းမှပင် ဘွန်ထိုက်ချို ကိုကောင်းစိန်သည် စကားဖောက်လျက်၊ ခပ်စောစောက ဂျပန်များ ခေါ်ဆောင် သွားသော ချွေးတပ်သား ဦးကြီးအကြောင်းကို ပြောပါလေတော့သည်။
“အဲဒီအဖိုးကြီးကို ပြန်လွှတ်လိုက်ပြီလား မသိဘူးဗျာ့ ဆရာလေး” “လွှတ်လိုက်ပါစေလို့ ဆုတောင်းတာပဲဗျာ။ သူတို့တဲကမှောင်နေတော့ ဘာမျှလည်း မတွေ့ရဘူး။ ခင်ဗျားနှင့် ကျွန်တော် အဲဒီတဲကိုသွားကြရအောင်” ကျွန်တော်က ကိုကောင်းစိန်ကို သွေးတိုးစမ်းသလိုပြောကြည့်ပါသည်။
ကိုကောင်းစိန်မှာ အသက် ၃ဝ ကျော်ရွယ် တရုတ်ကပြားတစ်ယောက် ဖြစ်လေသည်။ ဓနုဖြူနယ်မှ ဖြစ်သည်။ သတ္တိကောင်းပုံလည်း ရှိလေသည်။ သူသည် ကျွန်တော့်ကို တရင်းတနှီးပေါင်းသင်းလိုဟန်ရှိလျက်၊ မည်သည့်ကိစ္စမဆို လာရောက်၍တိုင်ပင်သူလည်း ဖြစ်လေသည်။
“ကျွန်တော်တို့လည်းလိုက်ခဲ့မယ် ဆရာလေး” ဟန်ချိုကိုချစ်တီးနှင့် ချွေးတပ်သားကလေး သာဆင်က ပြောလေသည်။
“ကျွန်တော်ရယ်, ကိုကောင်းစိန်ရယ်, သာဆင်ရယ်၊ ၃ ယောက်သွားကြမယ်။ သာဆင်ဖယောင်းတိုင်နှင့် မီးခြစ်ယူခဲ့ကွာ” ကျွန်တော်က ပြောလိုက်ပါသည်။
‘သာဆင်’ ဆိုသောသူငယ်မှာ ကျွန်တော်တို့မအူပင်ခရိုင် ချွေးတပ်သား များထဲတွင် အသက်အရွယ်အငယ်ဆုံးသော ချွေးတပ်သားကလေးတစ်ယောက် ဖြစ်ပါသည်။ ငါးကြီးအိုင်ရွာသား ကရင်မြန်မာ ကပြားကလေးတစ်ယောက် ဖြစ်ပါသည်။ မျက်လုံးကောင်း, မျက်ခုံကောင်းနှင့် လူချောကလေးတစ်ယောက် ဖြစ်လေသည်။
ထိုသူငယ်ကလေးမှာမူ ညောင်တုန်းမှထွက်လာစဉ်အခါကစ၍ပင် ကျွန်တော့်အနီးတွင် တတွဲတွဲနှင့် မခွဲဘဲ ဖြစ်နေရှာလေသည်။ အသက်ငယ်သော်လည်း သတ္တိကောင်းကလေးတစ်ယောက် ဖြစ်လေသည်။
“ဟုတ်ကဲ့ ဆရာလေး။ ကျွန်တော် လိုက်ခဲ့မယ် ” သာဆင်သည် ပြောပြောဆိုဆိုထိုင်ရာမှထလျက် သိမ်းဆည်းထားသောဖယောင်းတိုင်ထုပ်ကလေးနှင့် မီးခြစ်ကို ထုတ်ယူလာလေသည်။
“ခင်ဗျားတို့အားလုံး ဒီကစောင့်ကြ။ ကျွန်တော်တို့ပြန်လာရင် အကြောင်းစုံသိရမယ်” ကျွန်တော်က ဘွန်ထိုက်ချိုနှင့် ဟန်ချိုများကို ပြောလိုက်ပါသည်။ မကြာမီ ကျွန်တော်နှင့် ကိုကောင်းစိန်, သာဆင်၊ ဤ ၃ ဦးတို့သည် တဲတန်းလျားအတွင်းမှ တဲပေါက် ရှိရာသို့ လျှောက်ခဲ့ကြလေသည်။
အချိန်မှာ ည ၉ နာရီခန့် ရှိလေသည်။ ချွေးတပ်စခန်းတစ်ခုလုံးသည် ကြီးမားသောအမှောင်ထုအောက်၌ တိတ်ဆိတ်ငြိမ်သက်သယောင် ရှိနေသည်။ မိုးသည် တဖွဲဖွဲတဖျောက်ဖျောက် ရွာသွန်းနေသည်။
ကျွန်တော်သည် တဲပေါက်ဝတွင် ရှေ့ဆုံးမှရပ်နေသူတစ်ယောက်ဖြစ်လေသည်။ ကျွန်တော့်နောက်ပါးမှ ကရင်ကလေး သာဆင်ဖြစ်၍၊ နောက်ဆုံးသူမှာ ဘွန်ထိုက်ချို ကိုကောင်းစိန် ဖြစ်လေသည်။
ကျွန်တော့်မျက်လုံးအစုံသည် အမှောင်ထဲတွင် မှန်းဆလျက် သံဖြူဇရပ်ချွေးတပ်စခန်းပေါက်ဝရှိ အစောင့် အိပ်ကလေးအတွင်းမှ ဂျပန်စစ်သားအစောင့်ကို လှမ်းမျှော်ကာကြည့်လိုက်ပါသည်။ ဂျပန်စစ်သား၏ အိမ်ကလေးမှာ ကျွန်တော်တို့ တဲတန်းလျားနှင့် ကိုက် ၅ဝ ခန့် အကွာအဝေးလောက်တွင် ရှိလေသည်။
မှောင်နေလေသည်။ ဘာကိုမျှမမြင်ရဘဲ ရှိနေသည်။ စခန်းမှူးများ၏ အိမ်ငယ်ကလေးမှာမူ ကျွန်တော်တို့ တဲတန်းလျားနှင့် ကိုက် ၃၀ အကွာအဝေးတွင် ရှိလေသည်။ နီကျင်ကျင်နှင့် မလက်မလင်းရှိသော လက်ဆွဲ မှန်အိမ်ငယ်တစ်လုံးကို တဲအတွင်း၌ ချိတ်ဆွဲထားလေသည်။
“သွားကြမယ်” ကျွန်တော်က ခပ်တိုတိုခပ်တိုးတိုးပြောပြီးနောက် ရှေ့ဆုံးမှထွက်ခွာလေသည်။ ကျန်လူ ၂ ယောက်ကလည်း ကျွန်တော့်နောက်မှ ခပ်သုတ်သုတ်လိုက်လာကြလေသည်။ စင်စစ်အားဖြင့်မူ ဤအပြုအမူသည်ပင် ကျွန်တော်တို့အနေဖြင့် စွန့်စားလုပ်ဆောင်ရသောကိစ္စတစ်ခု ဖြစ်နေလေတော့သည်။
ဂျပန်များ၏လက်တွင်း၌ နေထိုင်ကြရသည့်အခါ၊ ကျွန်တော်တို့သည် ဘေးအန္တရာယ်တစ်စုံ တစ်ရာမဖြစ်ရလေအောင် နေရာခပ်သိမ်း၌ သတိထားဆင်ခြင်ကြရပါသည်။ ဂျပန်များသည် ချွေးတပ်သားများ အား ‘တဲတန်းလျားတစ်လုံးနှင့်တစ်လုံး အကူးအသန်းအသွားအလာ မရှိစေရ။ တစ်ခရိုင်နှင့်တစ်ခရိုင် ချွေးတပ်သား အချင်းချင်း အဆက်အဆံမပြုလုပ်ရ ဟူ၍ကား အမိန့်ထုတ်ထားခြင်း မရှိပါချေ။ သို့ရာတွင် တစ်ခုခက်သည်မှာ အမိန့်တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသည့်တိုင် ဂျပန်များသည် သူတို့သဘော, သူတို့အယူအဆနှင့်မတွေ့ခဲ့လျှင် “အပြစ်ကျူးလွန်သည်’ ဟူ၍မှတ်ယူကာ ဘေးဒုက္ခပေးတတ်သည်သာ ဖြစ်လေသည်။
ထို့ကြောင့်လည်း ကျွန်တော်တို့ ၃ ပောက်သည် သတိကြီးမားစွာထားလျက် သရက်ခရိုင်ချွေးတပ်သား များ၏ တဲတန်းလျားကြီးရှိရာသို့ လျှောက်ခဲ့ကြလေသည်။ ဤအတွင်း အမှောင်ထုနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေသည့်အခါ၊ ကျွန်တော်တို့၏စိတ်ဓာတ်များသည် ပို၍ပင် ကြောက်ရွံ့ ချောက်ချားခြင်း ဖြစ်ရလေတော့သည်။
မကြာမီပင် ကျွန်တော်တို့ ၃ ယောက်သည် သူတို့၏တဲလိုင်းကြီးအတွင်းသို့ ဝင်ရောက်လိုက်ကြပါသည်။ ချွေးတပ်သားတစ်အုပ်စုသည် တဲတန်းလျားအပေါက်အဝ အမှောင်နှင့် မည်းမည်းအောက်တွင် ဆေးလိပ်ထိုင်သောက်လျက် စကားပြောနေကြလေသည်။
“ခင်ဗျားတို့ မီးလည်းမထွန်းဘူးလား” ကျွန်တော်က မေးလိုက်သည်။ သို့ရာတွင် တစ်စုံတစ်ယောက်ကမျှ စကားခွန်းတုံ့ပြန်ခြင်းမရှိချေ။ သူတို့ချင်း ပြောနေသောစကားပင် ရပ်တန့်သွားကြပါသည်။
“သာဆင် ဖယောင်းတိုင်ထွန်းကွာ” ကျွန်တော်က သာဆင်ကို ပြောလိုက်ပါသည်။ မီးရောင်ကလေးလင်းလာခိုက်၌ပင် ကျွန်တော်က စကားဆက်လက်၍ပြောရလေသည်။ သူတို့သည် ကျွန်တော်တို့ ၃ ယောက်အား ‘ဂျပန်စစ်သားတွေလား၊ ဂျပန်၏လူယုံတော်တွေပေလား’ ဟူ၍ ထင်မှတ်နေဟန် တူပါသည်။
“ကျွန်တော်တို့က ဟိုတက် တဲကပါ။ မအူပင်ခရိုင်က ချွေးတပ်သားတွေပါ။ ခင်ဗျားတို့နှင့် အဖြစ်တူ ဘဝတူ ရဲတော်တွေပေါ့ဗျာလို့ ပြောသည့်အခါမှ သူတို့သည် ကျွန်တော်တို့ ၃ ယောက်၏မျက်နှာများကို စေ့စေ့စပ်စပ် အကဲခတ်ပြီးနောက် စိတ်ချ ယုံကြည်သွားဟန် ပေါ်လွင်လာပါသည်။
ပြီးလျှင် ကျွန်တော်ကိုလည်း သူတို့ မှတ်မိသွားကြဟန်တူလေသည်။ သဲဖြူဇရပ် မီးရထားဘူတာရုံတွင် ဂျပန်စစ်ဗိုလ်နှင့်အတူတွဲလျက်၊ ဘွန်ထိုက်ချိုနှင့် ဟန်ချိုများအား စုရုံးစေရန် ပြောကြားခဲ့သည့်အတွက်ပင် ဖြစ်လေသည်။
“ထိုင်ကြပါဗျာ ကျုပ်တို့က သရက်ခရိုင်ကပါ” သူတို့လုစုထဲမှ ခပ်သွက်သွက်လူတစ်ယောက်က ပြောလေသည်။ ကျွန်တော်တို့ ၃ ယောက် သူတို့အနီးတွင် ဝင်ရောက်ထိုင်လိုက်ကြပါသည်။
ကျွန်တော်သည် တဲလိုင်း အဆင့်ပေါ်ရှိ ချွေးတပ်သားများကို ခပ်မှုန်မှုန်ခပ်ဝါးဝါးမီးရောင်အတွင်းကပင် အကဲခတ်ကြည့်လိုက်မိလေသည်။ စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲဖြစ်ကြရာမှ အားလုံးပင် တရှူးရှူးအိပ်မောကျ နေကြလေသည်။
“ညနေက ဂျပန်တွေဖမ်းသွားတဲ့ ဘွန်ထိုက်ချိုဦးကြီး ပြန်လွတ်လာပြီလားဗျာ” ကျွန်တော်က မေးလိုက်ပါသည်။ “ဦးမြိုင်လား။ ဦးမြိုင်ကို သူတို့ဂျပန်တွေစစ်ရုံးရှေ့မှာ ကြိုးနှင့်တုပ်ထားတယ်။ ခုအတိုင်းဆိုရင် အအေးမိပြီး၊ မနက်ဆို သေမှာပါပဲ” သူတို့လူစုထဲမှ တစ်ယောက်ကပြောပါသည်။
“ဪ- ဖြစ်ရလေဗျာ။ သူ့နာမည်က ဦးမြိုင်တဲ့လ။။ နို့- သူ့သား သေနတ်မှန်တာကရော” ကျွန်တော်က ဆက်လက်၍မေးမြန်းခြင်းပြုပါသည်။
“ပွဲချင်းပြီး သေတာပေါ့ဗျာ။ အလောင်းကို ခွေးဆွဲသလိုဆွဲပြီး မြှုပ်လိုက်ပါရောလား။ ဟင်း-ခွေးမသားဂျပန် တွေ။ ဒင်းတို့လည်း တစ်နေ့မှာ ခွေးသေသလိုသေရမှာပဲ” ခပ်စောစောက လူကပင် မကျေမချမ်း ရေရွတ်လေသည်။
“သားတစ်ယောက်လုံး သေနတ်ပစ်ခံရလို့သေသွားမှာ အဖေလုပ်တဲ့လူတို ဘာကြောင့် ကြိုးတုပ်ထားရမှာ လဲဗျာ။ အတော် မတရားတဲ့ကိစ္စပဲ။ အပြစ်ကဘာရှိလို့လဲ” ကိုကောင်းစိန်က မေးပြန်ပါသည်။
“ဦးမြိုင်တို့သားအဖဟာ သူတို့ဂျပန်မာစတာကို ခုခံတယ်။ အမိန့်ကိုလည်း မနာခံဘူး။ အဲတော့ ‘အင်္ဂလိပ် လူဖြစ်ရမယ်”လို့ ဂျပန်စကားပြန်လုပ်တဲ့ကောင်ကလေးက ပြောတယ်ခင်ဗျာ။ အမှန်တော့ အဲဒီခွေးသားလေး ဂြိုဟ်မွှေတဲ့ ကိစ္စပဲဗျာ” ကျွန်တော်တို့ ၃ ယောက်စလုံး သက်ပြင်းချလိုက်မိ ကြလေသည်။
အမှန်စင်စစ် ဂျပန်များသည် ဘွန်ထိုက်ချို ဦးမြိုင်အပေါ်တွင် အပြစ်မရှိအပြစ်ရှာခြင်းပင် ဖြစ်လေသည်။ သူတို့အထဲက ဂျပန်စစ်ဗိုလ် အထိုးခံလိုက်ရသည့်အတွက် အခဲမကျေဖြစ်နေဟန် တူလေသည်။
အမှန်အားဖြင့် ဘွန်ထိုက်ချို ဦးမြိုင်ခမျာ အပြစ်တစ်စုံတစ်ရာ မရှိရှာပါချေ။ သို့ရာတွင် “ဘွန်ထိုက်ချို ဦးမြိုင်တွင် အပြစ်တစ်စုံတစ်ရာမရှိပါ” ဟူ၍ မည်သူက ပြောပေးလေမည်နည်း။
‘လူကြီးတွေ’ ဟု ဂျပန်များအသိအမှတ်ပြုထားသော စခန်းမှူးများက ပြောပေးလေမည်လော။ မည်သည့်ချွေးတပ် စုဆောင်းရေးတာဝန်ခံက ပြောပေးလေမည်နည်း။ ခပ်တိုတို ဆိုရလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ မားမားမတ်မတ် ရပ်၍ ပြောပေးမည်မဟုတ်ပါချေ။ ချွေးတပ်သားများအနေဖြင့် ကိုယ်ဖြစ် ကိုယ်ခံကြရန်သာ ရှိပေသည်။
ထိုအဖြစ်ကိုတွေးလိုက်မိသောကြောင့်လည်း ကျွန်တော်သည် သရက်ခရိုင်မှ ထိုချွေးတပ်သားများအား စည်းလုံးညီညွတ်စွာနှင့် သတိထားလျက်နေပိုင်ကြရန် လည်းကောင်း၊ ဂျပန်များနှင့် တတ်နိုင်သလောက် စည်းကမ်း ရှိရှိနေထိုင်ခြင်းပြုကြရန်ကို လည်းကောင်း သတိပေးစကားပြောကြားခြင်း ပြုပါသည်။
ဘွန်ထိုက်ချိုကိုကောင်းစိန် ကလည်း ကျွန်တော်ကဲ့သို့ပင်ပြောကြားခြင်း ပြုလေသည်။ ဤလိုစကားကောင်းနေကြသောကြောင့်လည်း ချွေးတပ်သားကလေး သာဆင်မှာ ပယောင်းတိုင်များကို တစ်တိုင်ပြီးတစ်တိုင် ထွန်းညှိလျက် ရှိနေရလေသည်။
အချိန်မှာလည်း ၁ဝ နာရီကျော်လွန်ခဲ့လေပြီ။ ထိုအချိန်လိုအခိုက်၌ပင် ကျွန်တော်တို့အားလုံးသည် ဂျပန်စစ်ရုံးအဆောက်အဦရှိရာမှ လူတစ်ဦးတစ်ယောက်၏ စူးစူးရှရှနှင့် ငယ်သံပါအောင်အော်ဟစ်လိုက်သံ ကို ကြားလိုက်ကြရလေသည်။ တိတ်ဆိတ်ငြိမ်သက်နေသော ညအခါ ဖြစ်သောကြောင့်လည်း၊ ထိုအသံသည် ကျွန်တော်တို့အားလုံး၏နှလုံးသားကို ဆွဲကိုင်လှုပ်ယမ်းလိုက်သည့်အလား ဖြစ်ရလေသည်။
“ဟော- ဦးမြိုင်အသံနှင့်တူတယ်” သူတို့အထဲမှ ချွေးတပ်သားတစ်ယောက်က ပြောပါသည်။ ကျွန်တော်တို့အားလုံးပင် နားစွင့်လိုက်ကြလေသည်။ သူတို့အုပ်စုထဲမှ ခရစ်ယာန်ကရင်အမျိုးသားတစ်ယောက် ကမူ သူ့နဖူးနှင့် ရင်ဘတ် ၂ ဘက်ပေါ်တွင် ထိတိုလိုက်ပြီး၊ မျက်လုံးကိုအတန်ကြာမှိတ်လျက် နှုတ်ဖျားက တတွတ်တွတ် ရွတ်ဆိုနေလေသည်။
နောက်ထပ်လျက် ကျွန်တော်တို့ မည်သည့်အသံဗလံကိုမျှ မကြားရတော့ချေ။ ဂျပန်စစ်ရုံးဆီမှလည်း တိတ်ဆိတ် ငြိမ်သက်နေသယောင် ရှိနေသည်။
သံဖြူဇရပ် ချွေးတပ်စခန်းကြီးတစ်ခုလုံးမှာမူ အိပ်မောကျနေသောချွေးတပ်သား ပေါင်းများစွာတို့၏ဟောက်သံ, သက်ပြင်းရှူသံ, ညည်းညူယောင်ယမ်းသံများဖြင့် စိတ်နှလုံးနောက်ကျိဖွယ် ကောင်း နေလေတော့သည်။
“ဦးမြိုင်တစ်ယောက် သွားရှာပြီထင်ကယ်။ ကြားလိုက်ရတဲ့အသံဟာ ဦးမြိုင်အသံပဲ” ခပ်စောစောက ဘုရားသခင်ကိုတလျက် မျက်စိအစုံမိတ်ထားသော ခရစ်ယာန်ချွေးတပ်သားက ပြောလေသည်။
“ဟုတ်တယ်။ ဦးမြိုင်အသံပဲ” တစ်ယောက်သော ဟန်ချိုကဖြည့်စွက်လျက် ထောက်ခံချက်ပေးလေသည်။ ကျွန်တော်, ကိုကောင်းစိန်, ကရင်အမျိုးသားကလေး မောင်သာဆင်တို့ကား မည်သို့မျှ ထင်မြင်ချက်မပေး နိုင်ကြပါ။
ကျွန်တော်တို့ ၃ ယောက်သည် ဘွန်ထိုက်ချို ဦးမြိုင်အသံ ဟုတ်.မဟုတ် မပြောနိုင်ကြချေ။ ကျွန်တော် တို့နှင့်တွေ့ကြရသည်မှာ အချိန်တိုတောင်းလွန်းလှပါသည်။ “ခမျာ။ မုန့်ဟင်းခါ ရောင်းနေရင်း အဖမ်းခံရတာ။ အမှန်ကတော့ တောင်သူလယ်သမားကြီးဗျာ။ မြို့ပေါ်မှာ အရောင်းအဝယ်ကောင်းတယ်ဆိုပြီး၊ သရက်ဈေးထဲမှာ သားအဖ ၂ ယောက် ဈေးရောင်းနေရှာတယ်” သူတို့နယ်မှ ချွေးတပ်သားတစ်ယောက်က ပြောလေသည်။
ကျွန်တော်တို့ ၃ ယောက်သည် နောက်ထပ်လျက် ဖယောင်းတိုင်တစ်တိုင်မကုန်မီအတွင်း၊ သူတို့တစ်စုကို နှုတ်ဆက်လျက် ထိုင်ရာမှထခဲ့ကြသည်။ ပြင်ပတွင် ခပ်စောစောအချိန်ကထက် မည်းမှောင်တိတ်ဆိတ်နေသည်။ မိုးမှာမစဲသေးဘဲ တစိမ့်စိမ့် ရွာနေဆဲဖြစ်သည်။ အင်ဖက်အမိုးပေါ်သို့ မိုးရေမိုးပေါက်များကျဆင်းသံကပင် ထိုညအဖို့ ပို၍စိတ်ပျက်စရာ. အားငယ် ရောကောင်းလှလေသည်။
ထိုတစ်ညသည် “အမင်္ဂလာ ညတစ်ည’ ဟူ၍လဉ်း ကျွန်တော် စိတ်အမှတ်ထားလိုက်မိသည်။ ထိုကဲ့သို့သော ညမျိုးကို ရှေ့ဆက်၍ အဘယ်မျှ ကျွန်တော်တို့တွေ့နေရပေဦးမည်နည်း’ သည်လိုလည်း ကျွန်တော် တွေးလိုက်မိသည်။ စခန်းမှူးများ၏အိမ်ငယ်ကလေးရှိရာသို့ ကျွန်တော် လှမ်းကြည့်လိုက်သည်။
ခပ်စောစောကမီးရောင်ကိုပင် မတွေ့ ရတော့။ အမှောင်နှင့် မည်းမည်းသာ။ စိတ်အားငယ်စရာ ကောင်းလေစွ။ ကျွန်တော်သည် ဂျပန်များနေထိုင်ရာအဆောက်အဦရှိရာသို့လည်း လှမ်းကြည့်လိုက်သည်။ ခပ်မှုန်မှုန် လက်ဆွဲမီးအိမ်၏ မသဲကွဲသောအလင်းရောင်မျှကိုသာ တွေ့ရသည်။ လူရိပ်လူရောင်ဟူ၍ကား အစမထင်။ တကယ့်အမဂႅလာ ညတစ်ည။
ထောတွင်းချွေးတပ်စခန်းများသို့
နောက်တစ်နေ့မနက်၌မူ သံဖြူဇရပ်ချွေးတပ်စခန်းသို့ ကျွန်တော်တို့အရင်ရောက်ရှိနေကြသော ချွေးတပ်သား များအား တောတွင်းရှိချွေးတွင်းအလုပ်စခန်းအသီးသီးသို့ ပို့ဆောင်ခြင်းပြုလေသည်။ ချွေးတပ်အဖွဲ့ များမှာ မြို့နယ်အသီးသီး, ခရိုင်အသီးသီး, ဒေသအရပ်ရပ်မှ ဖြစ်ကြလေသည်။ မကွေး. ရေနံချောင်း, ချောက်, မုံရွာ, ပေါက်, မြိုင် စသော ဒေသများနှင့် ဖျာပုံ, ဒေးဒရဲ့, ကျိုက်လတ်, ဘိုကလေး စသော မြစ်ဝကျွန်းပေါ်အရပ်များစသည်ဖြင့် မြန်မာပြည်မြို့ကြီးပြကြီးပေါင်းစုံ, ဒေသရပ်ရွာပေါင်းစုံမှ ဖြစ်လေသည်။
သံဖြူဇရပ်ချွေးတပ်စခန်းကြီးတစ်ခုလုံးမှာ အော်သံဟစ်သံများ၊ ချွေးတပ်သားများ၏ လှုပ်ရှားသံများ၊ စခန်းမှူ စခန်းတာဝန်ခံ စသူများ၏ အသံများ၊ ဂျပန်စစ်သားများ၏အသံဗလံများဖြင့် ဆူပွက်လျက်ရှိလေသည်။
သံဖြူဇရပ်ချွေးတပ်စခန်းသည် မြန်မာနိုင်ငံအရပ်ရပ်မှချွေးတပ်သားများအား တောတွင်းအလုပ်စခန်း အသီးသီးသို့ပို့ဆောင်ရန်အတွက် စုစည်းသိုလှောင်ထားသော ပင်မချွေးတပ်စခန်းကြီးတစ်ခုသာ ဖြစ်လေသည်။
အမှန်စင်စစ် ‘သံဖြူဇရပ်ချွေးတပ်စခန်း´ ဟူ၍ နာမည်ကြီးသော်လည်း၊ ချွေးတပ်သားပေါင်းများစွာသည် ထိုသံဖြူ ဇရပ်ချွေးတပ်စခန်းကြီး၌ အလုပ်လုပ်ကြရသည်တော့ မဟုတ်ချေ။ တကယ်တမ်း ဆင်းရဲပင်ပန်းစွာနှင့်လုပ်ကြ ကိုင်ကြရသည်မှာ တောတွင်းချွေးတပ်စခန်းများသို့ရောက်ရှိသည့်အခါမှသာလျှင် ဖြစ်လေသည်။
မနေ့ကမှ သံဖြူ ဇရပ်ချွေးတပ်စခန်းသို့ရောက်ရှိလာကြသော ကျွန်တော်တို့ မအူပင်ခရိုင်မှချွေးတပ်သား များနှင့် အခြားခရိုင် ၁ ခု-၂ ခုမှ ချွေးတပ်အဖွဲ့သားများမှာမူ၊ ထိုနေ့အဖို့ တောတွင်းချွေးတပ်စခန်းများသို့ ထွက်ခွာသွားရခြင်း မပြုရသေးပါချေ။
သရက်ခရိုင်မှချွေးတပ်သားများမှာလည်း ကျွန်တော်တို့ကဲ့သို့ပင် ဖြစ်လေသည်။ သို့ရာတွင် ကျွန်တော်နှင့် ဘွန်ထိုက်ချိုများကိုမူ မနက်စောစောအချိန်ကပင် ဂျပန်စစ်သားအချို့ နှင့် စကားပြန် သူငယ်တစ်ယောက်က လာရောက်ခေါ်ငင်သဖြင့် သံဖြူဇရပ်ငချွေးတပ်စခန်းရှိ ဂျပန်စစ်ဗိုလ်အကြီးဆုံးထံသို့ လိုက်ခဲ့ရလေသည်။
ကျွန်တော်တို့အား လာရောက်၍ခေါ်ငင်သောစကားပြန်သူငယ်မှာ ယမန်နေ့က စကားပြန်သူငယ် မဟုတ်ပေ။ ဂျပန်စစ်ဗိုလ်မှာလည်း ယမန်နေ့က မီးရထားဘူတာရုံတွင်တွေ့ရသော ဂျပန်စစ်ဗိုလ် မဟုတ်ပါချေ။
စကားပြန် သူငယ်မှာ ယမန်နေ့ကတွေ့ရသောစကားပြန်သူငယ်နှင့် အတော်ကလေး ခြားနားလေသည်။ စကားအပြောအဆို ပြေပြစ်လျက် ယဉ်ကျေးသိမ်မွေ့ခြင်း ထိုက်သလောက်ရှိလေသည်။ ထို့ကြောင့်လည်း ကျွန်တော်သည် စကားပြန်သူငယ်အား ဂျပန်စစ်ဗိုလ်က မည်သည့်ကိစ္စအတွက်ခေါ်သည် ဆိုခြင်းကို လည်းကောင်း, ဂျပန်စစ်ဗိုလ် စိတ်သဘော ကောင်း.မကောင်းဆိုသည့် အကြောင်းကို လည်းကောင်း၊ ဂျပန်စစ်ဗိုလ်၏အမည်ကိုလည်းကောင်း မေးမြန်းကြည့်မိလေသည်။
“ခင်ဗျားတို့ကိုခေါ်ထာ တောထဲပို့မယ့်ချွေးတပ်သားတွေကို စစ်ဆေးဖို့အခေါ်ခိုင်းတာပါ။ ကျွန်တော်တို့ မာတာက သဘောကောင်းပါတယ်။ သူ့နာမည်က “ဟာတာချီတို`တဲ့”ဟု စကားပြန်သူငယ်က ပြောပါသည်။
မကြာမီ ကျွန်တော်တို့သည် ဂျပန်စစ်ရုံးအဆောက်အဦရှိရာသို့ ရောက်ခဲ့ကြသည်။ အပေါက်ဝတွင် ဂျပန် စစ်သား ၂ ယောက် သေနတ်ကိုင်လျက်စောင့်ကြပ်နေသည်။ တစ်နေရာ၌လည်း ဂျပန်စစ်သား ၄-၅ဝ ခန့် တန်းစီလျက် ရှိနေကြလေသည်၊ စကားပြန်သူငယ်နှင့် ကျွန်တော်တို့ကိုခေါ်ဆောင်လာသောဂျပန်စစ်သားများသည် ကျွန်တော်တို့အား စစ်ရုံး အဆောက်အဦအပြင်ဘတ်တွင် တန်းစီလျက် ရပ်နေစေ ပါသည်။ ပြီးလျှင် စကားပြန်သူငယ်သည် အဆောက်အဦ အတွင်းရှိရုံးခန်းငယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက်၊ ကျွန်တော်တို့တစ်တွေ ရောက်ရှိပြီဖြစ်ကြောင်းနှင့် ဂျပန် စစ်ဗိုလ်အား သွားရောက်၍အကြောင်းကြားခြင်း ပြုလေသည်။
မကြာမီ ရုံးခန်းအတွင်းမှ ရေညှိရောင်အဆင်းသွေးရှိသော စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသောဂျပန် စစ်ဗိုလ်နှင့် စကားပြန်သူငယ်တို့ တွဲလျက်ထွက်လာကြ သည်။ ကျွန်တော်သည် ဂျပန်စစ်ဗိုလ်အား သတိထားလျက်အကဲခတ်မိလိုက်လေသည်။ သူသည် အရပ်အတော်ပင် ပုလေသည်။ မျက်နှာအမူအရာမှာ တည်ငြိမ်ရင့်ကျက်လျက် အတော်ပင်ဣန္ဒြေရလေသည်။
ရုံးပေါက်ဝမှာ ဂျပန်စစ်ဗိုလ်ထွက်လာသည်ဆိုလျှင်ပင် ခပ်လှမ်းလှမ်းတွင်တန်းစီနေသော ဂျပန်စစ်သားရော, ကျွန်တော်တို့ပါ အလေးပြုလိုက်ရလေသည်။ ဂျပန်စစ်ဗိုလ်သည် ကျွန်တော်တို့ရှေ့တည့်တည့်သို့ရောက်သည့်အခါ၊ စကားပြန်သူငယ်နှင့်အတူ ရပ်လိုက်လေသည်။ ပြီးလျှင် စကားပြန်သူငယ်မှတစ်ဆင့် ကျွန်တော်တို့၁ ကျွန်တော်တို့အား အလုပ် တာဝန်အတွက် စကားပြောလေသည်။
“ခင်ဗျားတို့ ဘွန်ထိုက်ချိုတွေအားလုံး ဂျပန်မာစတာတွေနှင့်အတူ တောထဲသွားရမယ့်လူတွေရဲ့စာရင်းကို စစ်ဆေးရမယ်။ ဂျပန်မာစတာတွေကို ဘွန်ထိုက်ချို ၂ ယောက်ကျတွဲပြီး အကူအညီပေးပါတဲ့” စကားပြန်သူငယ်က ပြောလေသည်။
ပြီးလျှင် ဂျပန်စစ်ဗိုလ်သည် ဂျပန်သူငယ်အား တစ်ဆင့်ပြောကြားလျက်၊ ကျွန်တော့်ကို တစ်ယောက်တည်း သပ်သပ်ခွဲထုတ်လိုက်သည်။ ကျွန်တော့်လက်မောင်းပေါ်မှ လက်ပတ်ကိုကြည့်၍လည်း၊ ဝါဒဖြန့်ချိရေးမှူးတစ်ယောက် ဖြစ်ကြောင်း သိရှိသွားလေသည်။
“ခင်ဗျားက တောတွင်းသွားရမယ့်လူတွေကို စိတ်ဓာတ်တက်ကြွအောင် ဟောပြောပေးပါတဲ့။ ဒီလမ်းမကြီး ဖောက်လုပ်တာဟာ နိုပ္ပန်ဘုရင်မင်းမြတ်နှင့် နိပွန်တပ်မတော်ကြီးအဖို့ရော မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးအတွက်ပါ အင်မတန်အရေးကြီးတယ်တဲ့။ ဒီလမ်းကြီးပြီးစီးသွားမှ အရှေ့အာရှစစ်ပွဲကြီးဟာအောင်မြင်မယ်တဲ့” စကားပြန်သူငယ်သည် ဂျပန်စစ်ဗိုလ် ဟာတာချိတိကပြောသည့်အတိုင်း အတော်ရှည်လျားသောစကားများကို ကျွန်တော့်အား တစ်ဆင့်ပြောကြားလျက်ရှိနေပါသည်။
ထိုစကားများပြီးဆုံးသည့်နောက်ပိုင်း၌လည်း ကျွန်တော်တစ်ဦးတည်းကိုကွက်လျက် ကိစ္စတာဝန်များပြီးလျှင် သူ့ထံသို့ထပ်မံလာခဲ့ရမည်ဖြစ်ကြောင်း ပြောလေသည်။
အပေါက်ဝတွင်ရှိနေသော အစောင့်တပ်သားတစ်ယောက်ကိုလည်း ကျွန်တော့်ကိုညွှန်ပြလျက် တစ်စုံတစ်ရာ လှမ်းပြောလိုက်သည်။ ဆိုလိုသည့်သဘောမှာ ကျွန်တော်လာလျှင် ဝင်ခွင့်ပြုရန်နှင့် သူထံသို့ခေါ်ခဲ့ရန် ပြောလိုက်ခြင်း ဖြစ်ဟန်တူလေသည်။
ဂျပန်စစ်သားသည် ကျွန်တော့်မျက်နှာနှင့် လက်ပတ်ကိုလှမ်းကြည့်လျက်၊ ဟာတာရှိတိုအား ဦးခေါင်းညွတ်ကာ အလေးပြုလိုက်လေသည်။ ဂျပန်စစ်ဗိုလ် ဟာတာချီတိုတို့၏အစီအစဉ်အရ မကြာမီအချိန်အတွင်း ဂျပန်စစ်သား ၅ ယောက်လျှင် ဘွန်ထိုက်ချို ၂ ယောက်ကျတွဲလျက် လွှတ်လိုက်လေသည်။ ကျွန်တော့်ကိုလည်း သွားခွင့်ပြုလိုက်လေသည်။
ဤလိုနှင့်သာ ဘွန်ထိုက်ချိုကိုကောင်းစိန် အစရှိသောသူများနှင့် ကျွန်တော်မှာ ဂျပန်စစ်သားအချို့နှင့် တွဲဖက်လျက် တောတွင်းသို့ပို့မည့်ချွေးတပ်သားများအား စစ်ဆေးရခြင်း, သွေးထိုးစကားများကိုဟောပြောရခြင်း စသည်များကို လုပ်ကိုင်ကြရလေသည်။
ထိုအတွင်းကပင် ကျွန်တော်သည် ဘွန်ထိုက်၏ကြီးဦးမြိုင်၏ ညကအဖြစ်ကို သတိရမိသဖြင့်၊ ဦးမြိုင်အား ထွေလိုတွေ့ငြားသဘောဖြင့် တောင်တောင်မြောက်မြောက်ကြည့်မိလေသည်၊ သို့ရာတွင် ဦးမြိုင်အား အစအန အရိပ်အယောင်မျှပင် မတွေ့ရပေ။ ဦးမြိုင်ကိစ္စကိုမေးမြန်းရန်အတွက် သရက်ခရိုင်ချွေးတပ်သားများရှိရာတဲတန်း လျားသို့လည်း ကျွန်တော်သွား၍ မဖြစ်သေးပါ။
ဂျပန်စစ်သားများ, စခန်းမှူး, စခန်းတာဝန်ခံ အစရှိသူများနှင့် တွဲလျက် တာန်ယူထားရသောကြောင့်လည်း မိမိသဘောအတိုင်း သွားချင်ရာသွား၍မဖြစ်သေးဘဲ ရှိနေရလေသည်။
ထိုနေ့မနက်ခင်းမှာ မိုးလေကင်းရှင်းသောနံနက်ခင်း ဖြစ်လေသည်။ ထောင်နှင့်ချီကာ များပြားသော ချွေးတပ်သားများသည် သံဖြူဇရပ်ချွေးတပ်စခန်းကြီး၏ဝင်းအတွင်း၌ သော်လည်းကောင်း၊ ဝင်း၏အပြင်ဘက်၌သော်လည်းကောင်း ၄ ယောက် ၁ တွဲ တန်းစီကာ ငုတ်တုတ်ထိုင်နေကြရလေသည်။
ဘွန်ထိုက်ရဲ့ ဟန်ချို စသူများကလည်း ဂျပန်စစ်သားများ, စခန်းမှုးများနှင့်တွဲလျက် လူစစ်ဆေးခြင်း, လိုနေသေးသောမိမိတို့ချွေးတပ်သားများကို အော်ဟစ်ခေါ်ငင်ခြင်း, စနစ်တကျ မရှိသူများအား စခန်းမှူးနှင့် ဂျပန်စစ်သားများက ဆဲရေးတိုင်းထွာကာ တွန်းထိုးကန်ကျောက်ခြင်း စသည်ဖြင့် ချွေးတပ်စခန်းကြီးတစ်ခုလုံး အဝီစိပျက်သည့်အလား သောသောညံညံဖြစ်နေတော့သည်။
‘ဖျာပုံခရိုင်-ဖျာပုံခရိုင်’ဟူ၍ ‘သာယာဝတီ-သာယာဝတီ’ဟူ၍ လည်းကောင်း၊ ‘မြိုင်-မြိုင်’ဟူ၍ လည်းကောင်း၊ “ပြည်ခရိုင်-ပြည်ခရိုင်’ဟူ၍ လည်းကောင်း၊ ဘွန်ထိုက်ချိုများ, ဟန်ချိုများ၏အသံမှာလည်း နားကွဲမတတ် ကြားနေ ရလေသည်။
ဤသို့ အော်ဟစ်ခေါ်ငင်ရခြင်းမှာလည်း အမှန်စင်စစ် လိုနေသောချွေးတပ်သားများ၏အမည်ကို အတိအကျ မသိနိုင်သောကြောင့် ဖြစ်ရလေသည်။ ဘွန်ထိုက်ချီနှင့် ဟန်ချိုများသည် မိမိတို့အဖွဲ့မှ လူဘယ်နှစ်ယောက် လျော့နေ သည် စသောအဖြစ်လောက်ကိုသာ သိရှိနိုင်ကြလေသည်။ နယ်ပေါင်းစုံ, အရပ်ပေါင်းစုံမှ လူပေါင်းစုံတို့ဖြစ်ခြင်း ကြောင့်လည်း တစ်ယောက်နှင့်တစ်ယောက် အမည်နာမကိုသိရှိရန် ခဲယဉ်းလှလေသည်။ တစ်မြို့တည်းသား, တစ်ရွာတည်းနေသူများလောက်သာလျှင် တစ်ပောက်နှင့်တစ်ယောက် အမည်နာမအတိအကျကို သိရှိနိုင်ကြလေ သည်။
ဤကိစ္စ ဤအဖြစ်မှာလည်း ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မြန်မာနိုင်ငံတွင်ကြုံတွေ့ ခဲ့ရသော ယိုးဒယား- မြန်မာမီးရထားလမ်းဖောက်လုပ်သည့်ကိစ္စနှင့်ပတ်သက်၍ သိသင့်သိထိုက်သော, မှတ်သားလောက်သောကိစ္စတစ်ခုပင် ဖြစ်လေသည်။
ဂျပန်များသည် ယိုးဒယား-မြန်မာမီးရတားလမ်းဖောက်ရေးအတွက် အလုပ်သမားများအလိုရှိသည့်အခါ သက်ဆိုင်ရာမြို့နယ်ဒေသမှ အာဏာပိုင်များနှင့်တိုင်ပင်ကာ ချွေးတပ်သားဦးရေ ပြည့်ဝစွာရရှိရေးတစ်ခုတည်းကိုသာ အဓိကထားခဲ့ပေသည်။ ၎င်းတို့ခေါ်ဆောင်လာသော ချွေးတပ်သားသည် မည်သည့်မြို့နယ်မှဖြစ်သည် ဟူ၍လည်းကောင်း၊ မည်သူမည်ဝါဖြစ်၍၊ မည်သူ၏သား ဟူ၍လည်းကောင်း စာရင်းအင်းရေးမှတ်ထားခြင်း မရှိပါချေ။
စခန်းမှူးများ, ဘွန်ထိုက်ချီများနှင့် ဂျပန်များ ယခုကဲ့သို့ စာရင်းစစ်ဆေးနေရခြင်းသည်ပင် ‘မည်သည့်ခရိုင်က ချွေးတပ်သားဦးရေ မည်မျှ’ ဟူသောအရေအတွက်လောက်သာ ဖြစ်လေသည်။ မကြာမီ လူစစ်ဆေး၍ ပြီးစီးသွားသောချွေးတပ်သားများသည် အုပ်စုအလိုက်ဖွဲ့ စည်းလျက် တောတွင်း ချွေးတပ်စခန်းများရှိရာသို့ ချီတက်ခြင်း ပြုကြရလေသည်။
တစ်ခရိုင်ပြီးတစ်ခရိုင်, တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ဖြစ်လေသည်။ သေနတ်ကို ပခုံးထက်လွယ်ထားသော လက်များတွင်ဝါးစိမ်းတုတ်များကိုကိုင်ထားသော ဂျပန်စစ်သားများသည် ၂ ယောက်တွဲလျက်သော်လည်းကောင်း၊ ၃ ယောက်တွဲလျက်သော်လည်းကောင်း သူတို့အချင်းချင်း စကားပြောလျက်၊ ချွေးတပ်သားများအား ကျွဲအုပ်, နွားအုပ်ကြီးများကိုမောင်းနှင်သည့်ပမာ ခေါ်ဆောင်သွားကြလေသည်။
ကျွန်တော်သည် ခေန်းပေါက်ဗတစ်နေရာတွင်ရပ်လျက် ထိုအဖြစ်ကို ငေးမျှော်ကြည့်လိုက်မိသည်။ မိုးမရွာသည့်အခါ စပ်လှမ်းလှမ်းရှိမြင်ကွင်းများအားလုံးသည် စိမ်းစိုညိုမောင်းသောတောအုပ်ကြီးများနှင့် မင်းလွင်မြူခိုးတွေဝေမှိုင်းရစ်ဖွဲ့နေသော မြင်ကွင်းတွေချည်းသာ ဖြစ်လေသည်။
တောအလုံးမှာလည်း နံနက်ခင်း၏ ကျေးသံ ငှက်သံကလေးများနှင့် စီစီညံလျက်ရှိလေသည်။ ရံဖန်ရံခါ၌ကား သမင်ကလေးများ, ချေသတ္တဝါကလေး များ၏ ဟောက်သံ တောက်သံများသည် ခပ်လှမ်းလှမ်းအရပ်ဆီမှ ထွက်ပေါ်လာလေသည်။
ကျွန်တော်သည် အသွင်အမျိုးမျိုး, ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်ချီတက်သွားနေကြသော ချွေးတပ်သားအဖွဲ့များကို ကြည့်လိုက်မိလေသည်။ သူတို့သည် ၄ ယောက် ၁ တွဲ အနေအထားဖြင့် စ၍ထွက်သော်လည်း၊ ၄ ယောက်တွဲ အနေအထားမဟုတ်လေတော့။ စခန်းနှင့် အတော်ကလေးလှမ်းသွားသည့်အခါ အနေအထားတွေပျက်ကုန်ကြလေ သည်။ အချို့သည် ခြေလှမ်းမှန်မှန်လျှောက်နေကြသော်လည်း၊ အချို့ကား မတုန်မလှုပ်နှင့် တအိအိတနဲ့နဲ့ သွား နေလျှောက်နေကြလေသည်။ သူတို့ကို မြင်ရကြည့်ရသည်မှာ ရှေ့ခရီးအတွက် သွားရမည်ကို ဝန်လေးတွန့်ဆုတ် နေဟန်ဖြစ်လေသည်။
ကျွန်တော်သည် ဂျပန်စစ်သားများ၏အပြုအမှုကိုလည်း သတိထားကြည့်လိုက်မိပါသည်။ အချို့ဂျပန် စစ်သားများသည် စကားတပြောပြောနှင့် စပ်အေးအေးသွားနေသော်လည်း၊ အချို့သောဂျပန်စစ်သားများမှာမူ ချွေးတပ်သားများအား ဝါးစိမ်းခက်များနှင့် တဖျန်းဖျန်းလိုက်ရိုက်နေလေသည်။ ပါးစပ်ကလည်း ဆဲဆိုအော်ဟစ် နေလေသည်။
ထိုအခါ လေးလေးကွေးကွေးဖြစ်နေသောချွေးတပ်သားများသည် အနိုင်နိုင်အားတင်းလျက် ခြေလှမ်းကို ခပ်သုတ်သုတ်လျှောက်ကြလေသည်။ စခန်းပေါက်ဝမှနေလျက် ကားလမ်းအတိုင်းမျှော်ကြည့်လျှင် ခပ်လှမ်းလှမ်းတစ်နေရာသို့အရောက်တွင် ကားလမ်းမှာ ကွယ်ပျောက်နေလေသည်။
တောင် ၂ လုံးအကြားမှဖြတ်လျက် ဆောက်လုပ်ထားခြင်းကြောင့်၊ ရှေ့ခရီး ကို မျှော်ကြည့်၍မမြင်ရတော့ချေ။ မိုးကုပ်စက်ဝိုင်းသည် ထိုနေရာတွင် ကွယ်ပျောက်ခဲ့ချေပြီ။ ရှေ့ဆုံးမှချီတက်သွားသော ချွေးတပ်သားအုပ်စုသည် တောင် ၂ လုံးအကြားသို့ တစ်စတစ်စ ဝင်ရောက်သွား ကြလေသည်။ ကြည့်ရသည်မှာလည်း ရင်ဆို့စရာကောင်းလှသည်။ ထိုသူ ထိုချွေးတပ်သားများသည် သေမင်းနိုင်ငံသို့ သွားရောက်ကြရန်အတွက် သေမင်း၏ခံတွင်းပေါက်အတွင်းသို့ဝင်ရောက်နေခြင်းနှင့် တူလှတော့သည်။
“ကျွန်တော်တို့တစ်တွေလည်း ဘယ်နေ့သွားရမယ်မသိဘူး။ သွားကြရမှာပဲ ဆရာလေး” ထို အသံကြောင့် နောက်သို့ ကျွန်တော်လှည့်ကြည့်လိုက်ပါသည်။ ကရင်ကလေးသာဆင်ပင် ဖြစ်လေသည်။ သူသည် ဘယ်အချိန်က ကျွန်တော့်အနီးသို့ ရောက်ရှိနေမှန်း မပြောတတ်ပေ။ ကျွန်တော် ရုတ်တရက်မဖြေနိုင်သေးပါ။ ချီတက်သွားသောချွေးတပ်သားများကိုကြည့်လျက် တွေတွေဝေးဝေး ဖြစ်နေရလေသည်။ “ဒီစခန်းမှာတောင် ဒါလောက်အနေအစားဆင်းရဲပြီး ဂျပန်တွေကနှိပ်စက်သေးတာ။ တောတွင်းရောက်ရင် ပိုဆိုးမှာပဲဆရာလေး” သာဆင်က နောက်ထပ်ပြောပါသည်။ အတော်ပင်သတ္တိကောင်းသူ လူငယ်တစ်ယောက် ဟုဆိုရသော်လည်း၊ သူ့မျက်လုံးအိမ်တွင် မျက်ရည်များရစ်ဝဲနေလေသည်။
“သွားတော့သွားရမှာပေါ့ကွာ။ ဒါပေမယ့် သိပ်လည်းစိုးရိမ်မနေပါနှင့်။ တို့ဟာ ဖြစ်သမျှအကြောင်း အကောင်းချည်းသဘောထားရမယ့်ဘဝကွ။ ခုမှ ထွက်ပြေးဖို့ဆိုတာလည်း သိပ်မလွယ်တော့ဘူးသာဆင်” ကျွန်တော်က ပြောလိုက်သည်။
အမှန်အားဖြင့်လည်း သံဖြူ ဇရပ်ချွေးတပ်စခန်းအတွင်းသို့ရောက်သည် ဆိုလျှင်ပင် ထွက်ပြေးရန် မလွယ်လှတော့ပါ။ ထွက်ပြေး၍ မိလာသူများကိုလည်း ဂျပန်များက ကြိုးချည်ကြိုးတုပ်လျက် နှိပ်စက်နည်းအမျိုးမျိုးအဖုံဖုံနှင့် နှိပ်စက်ကြလေသည်။
ဤအထဲက ဂျပန်အလိုတော်ရိ မြန်မာ, မွန်၊ ကုလားဒိန်စသော သစ္စာဖောက်အမျိုးယုတ်များကလည်း ဝင်ရောက်ကာ ဒုက္ခပေးတတ်လေသည်။
“ကျွန်တော်တို့ ဘယ်နေ့လောက်သွားရမလဲ” သာဆင်က ညှိုးငယ်စွာမေးလေသည်။ “သိပ်ကြာမယ်တော့ မထင်ဘူး။ တို့ ဒီမှာနေရလှရင် ၃-၄ ရက်ပဲ။ သူတို့က လူသစ်ရောက်ရင် လူဟောင်းကို ပို့တဲ့သဘောပဲ” သာဆင်သည် ကျွန်တော့်အနီးတွင်ရပ်လျက်၊ ကျွန်တော်ကဲ့သို့ပင် တောတွင်းချွေးတပ်စခန်းများရှိရာသို့ ချီတက်သွားကြသော ချွေးတပ်အဖွဲ့ များကို လှမ်းကြည့်နေလေသည်။
အချိန်အတန်ငယ်ကြာသွားည့်အခါ ကျွန်တော်သည် သာဆင်အား တဲတန်းလျားရှိ ရှိရာသို့သွားရောက်နေရန် ပြောကြားခဲ့ပြီးနောက်၊ ဂျပန်စစ်ဗိုလ်ဟာတာချီတို၏ရုံးခန်းရှိရာသို့ ထွက်ခဲ့ရလေသည်။
ဂျပန်စစ်သား ၂ ယောက်သည် ကျွန်တော်အား တားမြစ်စစ်ဆေးခြင်းမပြုဘဲ ဝင်ရောက်ခွင့်ပြုလိုက်ပါသည်။ အခန်းပေါက်ဝတွင် ခပ်စောစောက စကားပြန်သူငယ်မှာ ခွေးခြေငယ်တစ်လုံးပေါ်တွင် ထိုင်လျက်၊ ဂျပန်စကားသင် စာအုပ်ငယ်တစ်အုပ်ကို ဖတ်လျက်ရှိလေသည်။
သူငယ်သည် ကျွန်တော်ကိုတွေ့ သည့်အခါ သူ့အနီးရှိကုလားထိုင် ငယ်တစ်လုံးထက်၌ ထိုင်ရန် ညွှန်ပြပြောဆိုခြင်း ပြုလေသည်။ “ခဏနေဦးဗျ။ အထဲမှာ ဧည့်သည်စစ်ဗိုလ် ၂ ယောက် ရောက်နေတယ်” ကျွန်တော်သည် ထိုသူငယ်ညွှန်ပြသောကုလားထိုင်တွင် ဝင်ရောက်ထိုင်လိုက်ပါသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲကွ” ကျွန်တော်က မိတ်ဆွေဖွဲ့လိုသည့်သဘောနှင့် မေးလိုက်ပါသည်။ “မောင်အေးချို” “ဇာတိက ဘယ်ကလဲကွယ်” “ကျွန်တော့်ဇာတိက ပျဉ်းမနားနယ်ဘက်ကပါ” “ဒီရောက်တာ အတော်ကြာပြီလားကွယ့်” “၃-၄ လလောက်ရှိပြီဗျာ” မောင်အေးချိုမှာ အတော်ပင် ဆက်ဆံရေးကောင်းပါသည်။
ယမန်နေ့ကတွေ့ခဲ့ရသော စကားပြန်သူငယ် နှင့်ကား ဆီနှင့်ရေလောက် ကွဲပြားခြားနားလှသည်၊ ကျွန်တော်က စကားအဆက်အစပ်ရ၍ မေးမြန်းကြည့်သော ကြောင့်လည်း၊ သူ့အဖြစ် သူ့အကြောင်းကလေးများကို စိတ်ဝင်စားဖွယ် ကျွန်တော်သိရလေသည်၊ မောင်အေးချိုမှာ မိဘ ၂ ပါးစလုံးမရှိတော့ ဟုဆိုပါသည်။
သူသည် ဆင်းရဲနွမ်းပါးသောအဖွားနှင့် နေထိုင် ရာမှ အဖွားကို လုပ်တိုင်ကျွေးမွေးလိုသဖြင့်၊ ဂျပန်စကားသင်ကျောင်းတွင် တက်ရောက်သင်ကြားကာ စစ်တပ်ထဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုလေသည်။
သူအသက် ၁၄ နှစ်သာ ရှိပေသည်။ သူ စစ်တပ်ထဲသို့ ရောက်သည့် အခါ၊ စစ်ဗိုလ် ဟာတာချီတို၏ စကားပြန်ကလေးတစ်ယောက် ဖြစ်ခဲ့လေသည်။ သို့ရာတွင် ထိုသူငယ်မောင်အေးချို အဖို့ ဝမ်းနည်းစရာကောင်းသည်မှာ ဂျပန်စစ်တပ်ထဲသို့ သူရောက်ရှိခဲ့ပြီးနောက်၊ ၃ လကျော် ၄ လလောက် အရ၌ပင် သူ့အဖွားမှာ ကွယ်လွန်အနိစ္စရောက်ခဲ့သည် ဟုဆိုလေသည်။
ကျွန်တော်သည် မောင်အေးချိုအကြောင်းကိုမေးမြန်းပြီးနောက်၊ ကျွန်တော်တို့နှင့်ပတ်သက်သော အကြောင်း ကိစ္စများလိုလည်း သူ့ထံမှတစ်ဆင့် မေးမြန်းစုံစမ်းခြင်း ပြုရပါလေသည်။ ဤတွင် ခပ်စောစောက ကျွန်တော်တို့ထင်ထားသည့်အတိုင်း ကျွန်တော်တို့တပ်ဖွဲ့များသည် နောက်ထပ်လျက် တောတွင်းသံဖြူဇရပ်စခန်းတွင် ၂ ရက်-၃ ရက်ခန့်နေပြီးလျှင်၊ တောတွင်းချွေးတပ်စခန်းများသို့ သွားရောက် ကြရလိမ့်မည်ဖြစ်ကြောင်း သိရှိရလေသည်။
“အရေးကြီးတာကတော့ တောတွင်းချွေးတပ်စခန်းရောက်ရင် ဆေးဝါး သိပ်ရှားတယ်ဗျာ။ အဲဒီတော့ သံဖြူ ဇရပ်မြို့ထဲက ဆေးဝါးရမယ်ဆိုရင်တော့ ဝယ်သွားပေါ့ဗျာ “ဝယ်လို့ကောရပါ့မလား။ သံဖြူဇရပ်မြို့ထဲကိုရော သွားခွင့်ပေးပါ့မလားကွယ်” “ချွေးတပ်သားတွေ မသွားရပေမယ့်၊ ခင်ဗျားတို့လို ဝါဒဖြန့်ချိရေးမှူးတွေနှင့် စခန်းမှူးတွေကျတော့ သွားခွင့် ပေးပါတယ်။ ဂျပန်စစ်ဗိုလ်ဆီက လက်မှတ်ယူသွားရတယ်။ မာစတာဟာတာဆီကလက်မှတ် ကျွန်တော်ကောင်းပေး ယ်လေ” မောင်အေးချိုက ပြောလေသည်။
“အေးကွာ။ ကျေးဇူးပါပဲ မောင်အေးချို။ တောင်းပေးစမ်းပါကွာ” ထိုအတွင်း၌ပင် စစ်ဗိုလ်ဟာတာ၏ ၏အခန်းတွင်းမှ ဂျပန်စစ်ဗိုလ် ၂ ယောက် ထွက်လာသည်။ ၂ ယောက် စလုံးပင် မျက်မှန်နှင့်ဖြစ်ကြလေသည်။ သူတို့သည် ဟာတာထက်လည်း အရပ်အမောင်းကောင်းကြလေသည်။ ယူနီဖောင်းများမှာလည်း မစ္စတာဟာတာ၏ယူနီဖောင်းကဲ့သို့ပင် ရေညှိရောင်များ ဖြစ်လေသည်။
ကျွန်တော်နှင့် မောင်အေးချိုသည် ချက်ချင်းပင် ထိုင်ရာမှ ပြိုင်တူထလျက်အလေးပြုလိုက်ကြသည်။ ဂျပန်စစ်ဗိုလ်တစ်ယောက်သည် မောင်အေးချို၏ပခုံးကို လှမ်းကိုင်လိုက်သည်။
“ဘိမာ ကောင်းတကား၊ ကောင်းကောင်းရှိတကား”ဟူ၍လည်း ဆိုလေသည်။
“ဟိုက် မာစတာ” မကြာမီ စစ်ဗိုလ် ၂ ယောက် ထွက်ခွာသွားကြသည်။
“ကျွန်တော့်ကို “နေကောင်းသလား’ မေးတဲ့စစ်ဗိုလ်က မကြာခင် တံတားဆောက်ဖို့ တောထဲသွားရမယ်။ သူကအင်ဂျင်နီယာ”ဟု မောင်အေးချိုက ပြောလေသည်။
ကျွန်တော်တို့သည် စကားဆုံးလျှင်ပင် မစ္စတာဟာတာ၏ရုံးခန်းကလေးအတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။ ကျွန်တော်နှင့် စကားပြန်သူငယ်ကလေးမောင်အေးချိုတို့ စားပွဲရှေ့၌ရပ်လိုက်မိသည့်အခါ၌ပင် ဂျပန်စစ်ဗိုလ် မစ္စတာဟာတာသည် ကျွန်တော် ရုတ်တရက်အံ့သြလောက်အောင် မပီမသသောလေသံဖြင့် မြန်မာလိုပြောလေသည်။
“မင်းရဲ့အလုပ်တာဝန် ပြီးခဲ့တက”
“ဟုတ်ကဲ့ မာစတာ။ ပြီးခဲ့ပါပြီ”
“နီပွန်တပ်မတော်နှင့်တွဲပြီး အလုပ်လုပ်ရတာ ကောင်းတက”
“ကောင်းပါတယ် မာစတာ”
“ဘိဓမာနာမည် ဘာခေါ်တက”
“သက်ပန် လို့ခေါ်တယ်”
“မာစတာပြောတာ နားလည်တက”
“နားလည်ပါတယ် မာစတာ” မစ္စတာဟာတာသည် သဘောကျသလိုပြုံးလေသည်။
ပြီးလျှင် ကျွန်တော့်အမည်နှင့် ကျွန်တော်၏ဇာတိကို လည်း စာအုပ်ငယ်တစ်အုပ်တွင် ရေးမှတ်ထားလေသည်။
နောက်ထပ်လျက် ပြောကြားသောစကားများကိုမူ စစ္စတာဟာတာသည် စကားပြန်သူငယ်ကလေး မောင် အေးချိုမှတစ်ဆင့် ပြောလေသည်။ သူပြောသောအကြောင်းအရာများသည် ကျွန်တော်၏အလုပ်တာဝန်နှင့်ပတ်သက် သောစကားများ ဖြစ်လေသည်။
‘အရှေ့အာရှတိုက်သားများကောင်းစားရေး, နိပွန်ဘုရင်မင်းမြတ် အလိုတော်ကျ ဖြစ်စေရေး, နိပွန်တပ်မတော်ကြီး စစ်အောင်မြင်ရေး” ဆိုသော စကားများမှာ သူတို့ဂျပန်များ၏ ထာဝစဉ်လက်သုံး စကားများ ဖြစ်နေဟန်တူလေသည်။
စကားပြန်သူငယ်ကလေး မောင်အေးချိုသည် သူ ပြောဆိုထားသည့်အတိုင်း ဂျပန်စစ်ဗိုလ်မစ္စတာဟာတာ ထံမှ လက်မှတ်တစ်စောင်ကို ကျွန်တော်အား တောင်းပေးပါသည်။
မင်အနီ တံဆိပ်တုံးရိုက်နှိပ်ထား၍၊ ဂျပန်စာများ ရေးသားထားသောစာရွက်ငယ်တစ်ရွက်ပေါ်တွင် မစ္စတာဟာတာသည် လက်မှတ်ရေးထိုးလျက် ကျွန်တော်အား ပေးလေသည်။
ထိုလက်မှတ်ကလေး၏တန်ခိုးကြောင့်ပင် ကျွန်တော်သည် သံဖြူဇရပ်မြို့တွင်းသို့ သွားရောက်နိုင်ခွင့်ရရှိ လျက်၊ ကျွန်တော်လိုချင်သောဆေးဝါးကလေးများ, ဆေးလိပ် စသည်ကလေးများနှင့် အခြားသောအသုံးအဆောင် ပစ္စည်းကလေးများကို ဝယ်ခြမ်းနိုင်ခြင်းရှိခဲ့လေသည်။