ထားဝယ်-၂၀၂၄ ဒီဇင်ဘာ (၂၀)
ထားဝယ်မြို့နယ် အရှေ့တောဒေသအတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းဖြစ်သော KNU/KNLA တပ်မဟာ (၄) နှင့် ကော်သူးလေတပ်မတော် (KTLA) တို့ ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ကြပြီး KTLA တပ်ဖွဲ့ဝင် (၁၄) ဦးအား KNU./KNLA မှ ဖမ်းဆီးခဲ့ကြောင်း KNU တပ်မဟာ (၄) နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းအချိန်က ထားဝယ်မြို့နယ် အရှေ့တောဒေသ ဟိန္ဒာကျေးရွာအုပ်စုအတွင်း KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ထားဝယ်ခရိုင်အခြေစိုက် ကော်သူးလေတပ်မတော် (KTLA) အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူများရှိခဲ့သလို၊ ကော်သူးလေတပ်မတော် (KTLA) တပ်ဖွဲ့ဝင် (၁၄) ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင်၊ လက်နက် (၁၇) လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNU တပ်မဟာ (၄) နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဖမ်းဆီးရမိသူတွေကိုတော့ လောလောဆယ် ထိန်းသိမ်းထားပါတယ်။ ဘယ်လိုအရေးယူသွားမလဲ မသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အရှေ့တောဒေသအတွင်း KNU တပ်မဟာ (၄) နှင့် ဗိုလ်ကယ်ခွီး (ကော်လာဖိုး) ဦးဆောင်သည့် ကော်သူးလေတပ်မတော် (KTLA) အကြား ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ရေးတင်းမာမှုများရှိနေခဲ့ကြောင်း ဒေသတွေင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့နောက် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည့်အပြင် ယခုနှစ် ဇူလိုင်လအတွင်းကလည်း KNU/KNLA တပ်မဟာ (၄) မှ တပ်မှူးလိုက်ပါလာသည့် မော်တော်ယာဉ်တန်းမှ ထားဝယ်မြို့နယ် ဖောင်းတောကျေးရွာ နှင့် မိုင် (၄၀) ကျေးရွာကြားတွင် KTLA) မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ KNU/KNLA ဘက်မှ ဗိုလ်မှူးအပါအဝင် (၂) ဦးသေဆုံးခဲ့ပြီး၊ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၈) ရက်နေ့ကလည်း KNU/KNLA တပ်မဟာ (၄) မှ ဒုတပ်ခွဲမှူးဖြစ်သူ စောဖားဂျိုးအား တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မ (တပ်ရင်း – ၃) မှ ဗိုလ်ဒါးကေ နှင့် ၎င်း၏လက်အောက်ခံရဲဘော်များမှ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNU တပ်မဟာ (၄) မှ တာဝန်ရှိသူများက ဆိုထားသည်။
ထိုအခြေအနေများကြောင့် ထားဝယ်မြို့နယ် အရှေ့တောဒေသ ဟိန္ဒာကျေးရွာအုပ်စုအတွင်းရှိ ကော်သူးလေတပ်မတော် (KTLA) တပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်သူများ၏ ပြောကြားချက်များအရ သိရသည်။
KTLA တပ်ဖွဲ့