ရေး ၊ ၂၀၂၄ ဒီဇင်ဘာ (၁၈)
မွန်ပြည်နယ်၊ ရေးမြို့နယ် NLD ရုံးအား ပြည်သူပိုင်သိမ်းဆည်းရန်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့က အဆိုပါရုံးသို့ သွားရောက်စစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ပြီး ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချသွားမည်ဟု သတင်းထွက်ပေါ်လာကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
”စစ်တပ်ရယ်၊ ရဲရယ်၊ ခရိုင်နဲ့ မြို့နယ်စီမံတွေပါတယ်၊ မြေစာရင်းနဲ့ နောက် သက်ဆိုင်တဲ့ဌာနတွေပါတယ်၊ အထက်အမိန့်အရလုပ်တာပေါ့၊ ကြမ်းခင်းဈေးသတ်မှတ်ကြတယ်၊ အတိအကျတော့မသတ်မှတ်သေးပေမယ့် သိန်း ၁၀၀၀ အောက်တော့ရှိလိမ့်မယ်၊ မကြာခင်တော့ ကြေငြာသွားဖို့ရှိတယ် ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ရေးမြို့နယ် NLD ရုံးအတွင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၂ နာရီကျော်ခန့်က အင်အားပြင်းဗုံးဖြင့် ဖောက်ခွဲခံခဲ့ရပြီး အဆောက်အဦအားလုံးနီးပါ ယိုင်နဲ့ကာ ပြိုကျလုနီးပါး ဖြစ်ပေါ်ခဲ့ရသည်။
”ပါတီတစ်ခုလုံးကို မြန်မာနိုင်ငံရေးမှာ မထားစေချင်တော့ဘူးနဲ့တူပါတယ်၊ ရန်-ငါပြတ်တဲ့သဘောပေါ့၊ သူတို့ နေဝင်ချိန်ရောက်ခါနီးမှာတောင် ပြည်သူ့မေတ္တာခံယူသွားတာပေါ့၊ သူတို့ဘယ်လောက်ပဲလုပ်လုပ် ရုပ်ဝတ္ထုပဲရမှာပါ၊ အားလုံးသိမ်းမယ်လို့ ယူဆရပါတယ် ” ဟု မွန်ပြည်နယ် NLD ပါတီဝင်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
ထို့အတူ ၂၀၂၁ အောက်တိုဘာလအတွင်းကလည်း မွန်ပြည်နယ်၊ ချောင်းဆုံ၊ ကျိုက်ထို၊ ဘီလင်းနှင့် သထုံမြို့တို့ရှိ မြို့နယ် NLD ရုံးအသီးသီးတို့လည်း အင်အားပြင်းဗုံးဖြင့်ဖောက်ခွဲခံရသဖြင့် ပျက်စီးခဲ့ကြောင်း သိရသည်။
See insights and ads
All reactions:
3030