ဘုရားသုံးဆူ-၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) စသည့် မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့က တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်အထည်ဖော်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ၄င်းတို့ထုတ်ပြန်သော ကြေငြာချက်အရ သိရသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့၏ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တော်လှန်ရေးနယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့ပြီး တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် ပထမအဆင့်အနေဖြင့် တပ်ဖွဲ့ (၄) ဖွဲ့မှ ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီကြောင်း တွေ့ရှိရသည်။
၄င်း မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာသည့် တပ်ဖွဲ့များဖြစ်ကြပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့မှာ NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA မှ အရာရှိဟောင်းများက ဦးဆောင်လျက်ရှိကြောင်း တွေ့ရသည်။
Photo-ခေါင်းဆောင်များ