အရှေ့တောင်အာရှဒေသတွင် မြန်မာနိုင်ငံသည် လူကုန်ကူးသူများ၏ အဓိကအသုံးချရာနိုင်ငံဖြစ်လာကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများနေ့မှာ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
အချို့မြန်မာနိုင်ငံသားများအနေဖြင့် လုပ်ခနှင့် ပွဲစားခေါင်းပုံဖြတ်မှုကြောင့် ကာလအတန်အကြာ လစာမရဘဲ အလုပ်လုပ်ကိုင်နေကြရပြီး ယင်းအချက်ကို သိရှိသော်လည်း လက်ရှိမြန်မာနိုင်ငံပဋိပက္ခများကြောင့်လည်းကောင်း၊ စစ်မှုထမ်းဥပဒေနှင့် ပြည်သူ့လုံခြုံရေးဥပဒေတို့ကြောင့်လည်းကောင်း၊ စားဝတ်နေရေးအခက်အခဲများကြောင့်လည်ကောင်း ပွဲစားမှတဆင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ဝင်ရောက်လာမှု ပိုမိုများပြားလာကြောင်း ဘုရားသုံးဆူမြိုနေ ဒေသခံတစ်ဦးက ပြောကြားသည်။
“တိုက်ပွဲတွေကြောင့်ရော၊ စားဝတ်နေရေး၊ နောက် စစ်မှုထမ်းကြောင့်ရောပေါ့ ၂၀၂၂ ကစလို့ ပိုပြီးတော့ ထိုင်း၊ မလေးဘက်ကို ဝင်လာကြတယ်၊ ပွဲစားက စားစရိတ်နှုတ်ပြီးလစာ ၅ လ၊ ၆ လစာလောက်ဖြတ်လဲ နေဖို့စားဖို့ရရင်တော်ပြီ ဆိုပြီးလည်း လုပ်နေကြတာပဲ၊ မြန်မာနိုင်ငံအောက်ပိုင်းက လူတွေအပြင် အထက်အညာဘက်က လူတွေပါ လာနေကြတာ၊ ခုနှစ်ကုန်ပိုင်းတော့ နည်းနည်းအဝင်ကျဲသွားပေမယ့် နေ့စဉ်နဲ့အမျှ ရှိနေတုန်းပဲ၊ ထိုင်းဘက်၊ မလေးဘက်က အဖမ်းအဆီးများနေလို့လဲ ပါတာပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများ၏ လိုအပ်ချက်ကြောင့် လူငယ်များမှာ မိမိတို့မလုပ်ကိုင်လိုသော စစ်မှုထမ်းခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် အတင်းအကျပ်သွပ်သွင်းခံနေရသည်မှာလည်း လူကုန်ကူးခံရခြင်းတွင် အကြုံးဝင်ကြောင်း အမည်မဖော်ပြလိုသော မွန်နိုင်ငံရေး၊ စစ်ရေးသုတေသီတစ်ဦးက မှတ်ချက်ပြုသည်။
၄င်းက “လက်ရှိ အခြေအနေမှာ၊ စစ်သားလိုအပ်ချက်က အဖွဲ့အစည်းတိုင်းမှာ သိပ်မြင့်နေတယ်။ မြန်မာစစ်တပ်တစ်ခုတည်း မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း စစ်သားလိုအပ်ချက်က သိပ်ကိုမြင့်မားလာတယ်။ မြန်မာစစ်တပ်ကတော့ ကြည်းတပ်အင်အား ချိနဲ့ လျော့ပါးမှုကို ပြန်လည် ဖြည့်တင်းဖို့အတွက် တောရောမြို့ပေါ် မကျန် ရသမျှလူတွေကို ဆွဲပြီးတော့ စစ်မှုထမ်းဖို့ လူသူစုဆောင်းနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်ထဲက လူတွေကိုသာ အဓိက လူသူစုဆောင်းတယ်။ လူငယ်အတော်များများကတော့ လက်နက်ကိုင်ဖို့ အတင်းအကျပ်သွပ်သွင်းခံနေရတာကလည်း လူကုန်ကူးခြင်းပါဘဲ” ဟု ဆိုသည်။
လွန်ခဲ့သည့် ၄ နှစ်အတွင်း အွန်လိုင်းဖြင့် ငွေကြေးလိမ်လည်မှုများ အရှေ့တောင်အာရှဒေသတွင် ခေတ်စားလာပြီး အဆိုပါလုပ်ငန်းများတွင် အသုံးပြုရန် ကြားခံပွဲစားများဖြင့် ဝန်ထမ်းရှာဖွေရာကတဆင့် အွန်လိုင်းရာဇဝတ်လုပ်ငန်းများတွင်ပါ အာရှနိုင်ငံသားများ လိမ်ညာခိုင်းစေခြင်း ခံခဲ့ရကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြသည်။
ထို့ပြင် အာရှပပစိဖိတ်ဒေသအတွင်း ပဋိပက္ခဖြစ်ပွားမှုနှင့် စားနပ်ရိက္ခာမလုံလောက်လောက်မှုကြုံတွေ့နေရသည့်အထဲတွင် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ၂၀၂၂ ခုနှစ်၊ FAO နှင့် UNICEF တို့၏ အချက်အလက်များကို ကိုးကားပြီး UNDP ကထုတ်ပြန်သည့်အစီရင်ခံစာတွင်ဖော်ပြထားကြောင်း သိရသည်။