ချင်းမိုင်- ၂၀၂၄ ဒီဇင်ဘာ(၁၈)
ထိုင်း−မြန်မာနယ်စပ်ရှိ UWSA ဝတပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းဖက်ကတောင်းဆိုထားသည့်အပေါ် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA)က ဆုတ်ခွာပေးမည်မဟုတ်သလို ထိုင်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးပြောခဲ့ခြင်း မရှိကြောင်း ဝတပ်ဖွဲ့က ဆိုသည်။
နယ်မြေအငြင်းပွားမှုကိစ္စနှင့်ပတ်သက်ပြီး ဝတပ်က တပ်စခန်း (၉) ခုဆုတ်ခွာ ပေးရန် သဘောတူပြီး (၃)လခန့် ဆုတ်ခွာချိန်ပေးရန်နှင့် ဝတပ်ဖွဲ့အနေဖြင့် အရှုံးပေးတာမျိုး မဟုတ်သည်ကို ထည့်သွင်းကြေငြာရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုင်းသတင်းဌာနနှင့် ပြည်တွင်းသတင်းဌာနအချို့က ရေးသားဖော်ပြလာသည့်အပေါ် UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ငြင်းဆိုလိုက်သည်။
ထို့အပြင့် ထိုင်းနိုင်ငံက တောင်းဆိုထားသည့် ဝ တပ်စခန်း(၉)ခု ပြန်ဆုတ်ပေးရန် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ−ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပါဝင်သည့် နယ်ခြားကော်မတီ အစည်း အဝေး မှာ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား နယ်ခြားသတ်မှတ်မျဥ်းကြောင်း တရားဝင်မရှိထားသလို “ဝ” တပ်ဖက်ကလည်း ဆုတ်ခွာပေးမည် မဟုတ်ကြောင်း၊ ယင်းကဲ့သို့ နယ်မြေအငြင်းပွားမှု ကိစ္စရပ်များမှာ ဆယ်စုနှစ်တစ်ခုထိရှိခဲ့ကြောင်း “ဝ” ပြည်နယ်၊ နိုင်ငံရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောခဲ့ကြောင်း Wa News Land က ဖော်ပြထားသည်။