ရေးမြို့နယ် ကွမ်ကျိုက်ရွာအနီး မြို့ဟောင်းရွာရှိ မွန်ပြည်သစ်ပါတီ (NCA) တပ်တည်စခန်းနေရာသို့ ဒီဇင်ဘာ ၁၇ ရက် နေ့နံနက်ပိုင်းက စစ်ကောင်စီပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကွမ်ကျိုက်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းအား NMSP (AD) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့စဥ်က စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးတစ်လုံး မွန်ပြည်သစ်ပါတီမြို့နယ်ရုံးခွဲရှေ့တွင် ကျရောက်ပေါက်ကွဲသဖြင့် တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း မော့ကနင်ရွာသား မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၄င်းက “ကွမ်ကျိုက်တံတားမှာ တိုက်ပွဲဖြစ်နေတဲ့အချိန်ပေါ့ ရွာသစ်ဘက်က ၃၁၇ အမြှာက်တပ်ကရော မော့ကနင် ၁၀၆ ကပါ လက်နက်ကြီးတွေနဲ့ အလုံး ၂၀ ထက်မနည်း အဝေးကနေ လှမ်းလှမ်းထုနေတယ်၊ မြို့ဟောင်းရွာမှာ မွန်ပြည်သစ်ပါတီ ရေးမြောက်ပိုင်းမြို့နယ်ရုံးခွဲရုံးရှိပါတယ်၊ အဲဒီရုံးအရှေ့အလံတိုင်နားမှာ လက်နက်ကြီးကျပြီး ပေါက်ကွဲတယ်၊ “တပ်စုမှူးနိုင်လှ” က ခြေထောက်မှာ နည်းနည်းရှပ်ထိတယ်၊ “ရဲဘော်တိနာဲ” က ခြေထောက်မှာ အရိုးကိုထိသွားပုံရတယ်၊ ဒဏ်ရာရသူတွေကို ရေးဆက်ဆံရေးရုံး အစီအစဥ်နဲ့ မနေ့မနက်မှာ မြို့ဟောင်းကနေ မော့ကနင်-ရေး- ဝယ်ဇင်- ပနန်းပုင်ဆေးရုံကို ကားနဲ့သယ်သွားပြီ” ဟု ဆိုသည်။
သို့ရာတွင် ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ အတည်ပြုပြောဆိုခြင်း မရှိသေးပေ။
ရေး – သံဖြူဇရပ် ကားလမ်းပေါ်ရှိ ကွမ်ကျိုက်တံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီစခန်းတစ်ခုကို မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေါနစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဒီဇင်ဘာလ (၁၇) ရက် မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့စဥ် စခန်းကို ခေတ္တသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီစစ်ကူများက အင်အားအလုံးအရင်းဖြင့် ပြန်လည်ချီတက်လာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များမှာ အောင်မြင်စွာဖြင့် ပြန်လည်ဆုတ်ခွာလာရကြောင်း၊ တိုက်ပွဲပြင်းထန်သဖြင့် နှစ်ဖက်စလုံး ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုများ ရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။
Photo- စစ်တပ်စခန်း၊ မြို့ဟောင်းရွာနှင့် တိုက်ပွဲဖြစ်ပွားသည့်ခန့်မှန်းနေရာမြေပုံကြမ်း (Google)