ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့တွင် ဒီဇင်ဘာလ (၁၃) ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူဟုယူဆရသူ နှစ်ဦး အနက် တစ်ဦးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင်ဖြစ်သည်ဟု ထိုင်းသတင်းဌာနတချို့က ဖေါ်ပြထားပြီး၊ အမှုမှန်ပေါ်ပေါက်ရေး၌ ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု KNU မှ ဒီဇင်ဘာလ (၁၄) ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်က အဆိုပါ Doi Loi Fa ပွဲတော်ရှိ ဖျော်ဖြေရေး စတိတ်စင် အရှေ့တွင် ဗုံးဖြင့်ပစ်ပေါက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူငယ် (၄) ဦးပွဲချင်းပြီး သေဆုံးကာ (၅၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး (၄) ဦးထက်မနည်း ဒဏ်ရာပြင်းထန်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။
ထို ဗုံးဖြင့်ပစ်ပေါက်ဖေါက်ခွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူဟုယူရသည် ကရင်လူမျိုးလူငယ်နှစ်ဦးကိုလည်း ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိထားပြီး၊ အုန်းဖန်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း နှင့် ၎င်းတို့အနက် ကရင်လူမျိုးလူငယ်တစ်ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး၊ နောက်ထပ်ကရင်လူမျိုးလူငယ်တစ်ဦးမှာ (၂၀၂၄) ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသူ KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် Khaosod သတင်းဌာန၏ ဖေါ်ပြချက်အရ သိရသည်။
ထိုင်းဘုရင့်နိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့၌ နှစ်စဉ်ပြုလုပ်နေကြ Doi Loi Fa ပွဲတော် ဗုံးပစ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ကြားသိရ၍ ကရင်အမျိုးသးအစည်းအရုံး (KNU) မှ အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် ဤကဲ့သို့ အကြမ်းဖက်သည့် လုပ်ရပ်များကို လက်မခံသလို ပြုလုပ်သူများအား ကန့်ကွက်ရှုတ်ချပါကြောင်း နှင့် ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များ၏ အမှုမှန်ဖေါ်ထုတ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောထားကို ဖေါ်ပြအပ်ပါကြောင်း KNU က ဆိုထားသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖန်မြို့တွင် မြန်မာနိုင်ငံမှ လူဦးရေ (၁၆၀၀၀) ကျော် ခိုလှုံနေထိုင်ရာ နို့ဖိုးဒုက္ခသည်စခန်းအနီးရှိ နယ်စပ်မြို့ဖြစ်ကြောင်း၊ ထို ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အုန်းဖန်မြို့နယ်ရှိ ထိုင်း – မြန်မာနှစ်နိုင်ငံ ထိစပ်နေသည့် နယ်စပ်လမ်းကြောင်းများအားလုံးအား ထိုင်းနိုင်ငံဘက်မှ ယာယီပိတ်ထားပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
See insights and ads
All reactions:
6060