စစ်တွေ၊ ၂၀၁၄ ဒီဇင်ဘာ (၁၆)
ရခိုင် အာရက္ခတပ်တော် AA ရခိုင်ပြည်နယ်အတွင်းမောင်တောမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ စကခ ၅ နှင့် တောင်ကုတ်မြို့နယ်တခုလုံးကိုလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ညနေပိုင်းက အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။
“တောင်ကုတ်မြို့ စကခ ၅ တပ်မဌာနချုပ်ကို ဒီဇင်ဘာ ၁၄ ရက် ညနေ ၄နာရီဆယ်မိနစ်လောက်မှာ အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ပြီးဖြစ်ပါတယ်၊ ထွက် ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံ ဖမ်းဆီး ရှင်းလင်းနေတယ်၊ အခုဆိုရင် တောင်ကုတ်မြို့နယ် တခုလုံးကို အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ပြီးပြီဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပခကို ဆက်လက်ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
“နောက်ဆုံးကျန်နေတဲ့ နပခ ဌာနချုပ်ကို အပြီးသတ်သိမ်း ပိုက်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ရှင်းလင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ ”
လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၂ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထားသည့်အပြင် ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့နယ်ဘက်ကိုလည်း AA တပ်ဖွဲ့က ပိတ်ဆို့ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်နေ့က မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်တပ်ခွဲ နခခ (၅) ကို AA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အင်အားရာနှင့်ချီသော စစ်သား၊ ရဲတို့က လက်နက်ချခဲ့သည်။
သို့ရာတွင် AA တပ်ဖွဲ့အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး တိုက်တွန်းကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပိုသည့်သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့သည်ကို သတင်းများက ဖော်ပြသည်။
Photo-စကခ (၅) ကို AA တပ်ဖွဲ့သိမ်းပိုက်ခဲ့စဥ်